ရန်ကုန်၌ အလှည့်ကျ လျှပ်စစ်မီးရရှိချိန်တွင် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC ထုတ်ပြန်

Local News
ရန်ကုန်၌ အလှည့်ကျ လျှပ်စစ်မီးရရှိချိန်တွင် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC ထုတ်ပြန်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့၌ သင်္ကြန်ကာလအတွင်း အလှည့်ကျ လျှပ်စစ်မီးရရှိချိန်တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က ယနေ့(ဧပြီ ၁၀ ရက်) တွင်ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ယနေ့(ဧပြီ ၁၀ ရက်မှ ၁၇ ရက်)အထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းနေမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်ပြီး အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရသိရသည်။

သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများမှာ ညဘက်လျှပ်စစ်မီးရရှိမည့်အချိန်များတွင် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှုများကြောင့် လူမှုဘဝအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပုဇွန်တောင်မြို့နယ်နေထိုင်သူတစ်ဦးကပြောသည်။

“အခုရက်ပိုင်း အရမ်းပူတဲ့အချိန်မှာ မီးကပြတ်လိုက်လာလိုက်နဲ့ ညဘက်ပိုဆိုးတယ်။ မီးပြတ်ရင် လုံးဝအိပ်လို့မရတော့ဘူး။ ဒီကြားထဲ အခုမီးထပ်ပြတ်အုန်းမယ်ဆိုတော့ ဘာမှကိုမပြောချင်တော့တာ” ဟု ၎င်းကပြောသည်။

ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် ကမာရွတ်၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ အင်းစိန်၊ သန်လျင်၊ ဒေါပုံ စသည့်မြို့နယ်တချို့တွင် အလှည့်ကျ လျှပ်စစ်မီးရရှိမည့်အချိန်များတွင် မကြာခဏဓာတ်အားပြတ်တောက်မှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ရေးသားသူ –Myanmar Celebrity

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။