AA အဖွဲ့ဝင် ၈ ဦးအားဖမ်းဆီးရမိဟု တပ်မတော်ထုတ်ပြန်၊ မိသားစုဝင်များက AA မဟုတ်ဟုဆို

Local News

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ရွှေဟင်္သာရပ်ကွက်နေ ငြိမ်းတောင်၊ အောင်ထွန်းလင်းနှင့် ထွန်းလှတို့ ၃ ဦးအပါ အဝင် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ညီထွေး၊ အောင်ဌေးဝင်း၊ ထွန်းမင်းစိုး၊ ညီညီ() စွမ်းထက်ပိုင်နှင့် စိုးမောင်တို့ကို တပ်မတော်မှ နိုဝင်ဘာလ ၉ ရက်နေ့တွင် AA ဟု ထုတ်ပြန်ထားခြင်းသည် မဟုတ်မမှန်လိမ်လည်ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

အဆိုပါကျေးရွာသား ၈ ဦးမှာ ရမ်းဗြဲမြို့နယ်၊ ကျွန်းတောင်ပိုက်ဆိပ်တွင် ရေလုပ်ငန်းလုပ်ကိုင်ကာအသက် မွေးဝမ်းကျောင်းပြု နေရသူများဖြစ်ပြီး မိသားစုကိုရိုးရိုးသားသားလုပ်ကိုင်ကျွေးမွေးနေသူများဖြစ်ကြောင်းနှင့် ၎င်းတို့ ၈ ဦးမှာ AA အဖွဲ့ဝင်များ မဟုတ်ကြောင်း ဖမ်းဆီးခံထားရသည့် ထွန်းလှ၏ သမီး မစိုးပြည့်စုံကပြောသည်။

ကျွန်မအဖေကAA မဟုတ်ပါ။ သူတို့နဲ့လည်းအဆက်အသွယ်မရှိပါ။ ကျွန်မအဖေက ပိုက်ဆိပ်မှာအလုပ် လုပ်ပြီးတော့မိသားစုကိုကျွေးမွေးနေတာပါ။ အသက်လည်းကြီးနေပါပြီ။ တပ်မတော်က AA လို့ ထုတ်ပြန်ထား တာက လိမ်ညာပြီး တော့ထုတ်ပြန် ထားခြင်းသာဖြစ်တယ်။ တပ်မတော်သားတွေက အရပ်သားတွေကို ဖမ်းတယ်။ ပြီးတော့ AA ဆိုပြီးထုတ်ပြန်တယ်။ ဒီလိုထုတ်ပြန်ချက်တွေကရိုးနေပြီ။ အခုတော့အဖေနဲ့ အတူဖမ်းထားတဲ့လူတွေက ကျောက်ဖြူရဲစခန်းကို ရောက်နေတယ်လို့သိရတယ်ဟု ပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တန်းဇင်းမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်အားနိုဝင်ဘာ ၂ ရက် နေ့လယ် ၁ နာရီခန့်တွင် AA အဖွဲ့များက ကုလားပုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာမှလက်နက်ကြီး၊ လက်နက်ငယ်များ နှောက်ယှက်ပစ်ခတ်သဖြင့် ပေါက်ပြင်ကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးသွားခဲ့သည်ဟု နိုဝင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ AA အဖွဲ့များထွက်ပြေးသွားသော ကျေးရွာဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂ ရက်တွင် တပ်မတော်စစ်ရေယာဉ်အား နှောက်ယှက်ပစ်ခတ်မှုတွင် ပါဝင်သော AA အဖွဲ့ဝင်များဖြစ်သည့် ကုလားပုန်းကျေးရွာနေ ညီထွေးနှင့် အောင်ဌေးဝင်းတို့အား နိုဝင်ဘာ ၃ ရက်နေ့တွင် ကုလားဘုန်းကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စနဲမြို့ရွှေဟင်္သာရပ်ကွက်မှ အုပ်ချုပ်ရေးမှူးကကျွန်တော်တို့ရပ်ကွက်ကလူတွေက ရေလုပ်သားတွေပါ။ AA မဟုတ်ပါ။ သူတို့က ဆင်းရဲလို့ပိုက်ဆိပ်မှာ အလုပ်လုပ်နေတာ။ တပ်မတော်ကထုတ်ပြန်ထားသလို AA မဟုတ်ပါဟု ပြောသည်။

အလားတူ စနဲမြို့ရွှေဟင်္သာရပ်ကွက်နေ ငြိမ်းတောင်၊ အောင်ထွန်းလင်း နှင့် ထွန်းလှတို့သုံးဦးအား နိုဝင်ဘာ ၄ ရက်နေ့တွင် ဒေသအခေါ် ကျွန်းတောင်ပိုက်ဆိပ်နေရာ၌လည်းကောင်း၊ ကုလားပုန်းကျေးရွာနေ ထွန်းမင်းစိုး၊ ညီညီ() စွမ်းထက်ပိုင်နှင့် စိုးမောင် တို့သုံးဦးအား နိုဝင်ဘာ ၇ ရက်နေ့တွင် ကုလားဘုန်း ကျေးရွာ၌ လည်းကောင်း၊ စုစုပေါင်း AA အဖွဲ့ဝင် ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသော AA အဖွဲ့ဝင်များအား ကျောက်ဖြူမြို့မ ရဲစခန်းသို့စနစ် တကျလွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှုးကျော်ဇော်ကစနဲကလူတွေ၊ ကုလားပုန်းကလူတွေက ရဲစခန်းကိုတပ် ကလွှဲပြောင်း ထားတယ်။ ဒါပေမဲ့ သူတို့ကိုအမှုမဖွင့်ရသေးဘူး။ စစ်ဆေးနေတုန်းရှိသေးတယ်ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရွှေဟင်္သာရပ်ကွက်၊ကိုင်းချောင်းကျေးရွာနှင့် ရမ်းဗြဲမြို့နယ်၊ မြို့ချွိန်ကျေးရွာမှ ကလေးနှင့် အမျိုးသမီးများအပါအဝင်ရေလုပ်သား ၅၃ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားပြီး ၆ ရက်အကြာတွင်ပြန်လွတ်ပေးလိုက်သော်လည်း ၃ ဦးကိုထပ်မံဖမ်းဆီးထားသည်ဟု မိသားစုဝင်များကပြောသည်။

Leave a Reply