ငသိုင်းချောင်းမြို့တွင် အပေါင်ခံထားသည့် စက်ဘီး၊ ဆိုက်ကားများကို ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲမရှိစေရန် ပေါင်နှံထားသူများအား အခမဲ့ပြန်ပေး

Local News

ငသိုင်းချောင်းမြို့တွင် အပေါင်ခံထားသည့် စက်ဘီး၊ ဆိုက်ကားများကို ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲမရှိစေရန် ပေါင်နှံထားသူများအား အခမဲ့ ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ရှိ အမိန့်ရအပေါင်ဆိုင်မှ အပေါင်ခံထားသည့် စက်ဘီး၊ ဆိုက်ကားများကို လာရောက်ပေါင်ထားသူများ COVID-19 ရောဂါကပ်ဆိုး ကာလအတွင်း စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် အခမဲ့ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

COVID-19 ရောဂါကပ်ဆိုး ကာလအတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် စက်ဘီး၊ ဆိုက်ကားများကို ပေါင်နှံ၍ စားဝတ်နေရေး ဖြေရှင်းနေရသူများမှာ အလွန်များပြားလာခဲ့ပြီး ပုံမှန်ဝင်ငွေ မရရှိမှုကြောင့် ပေါင်နှံထားသည့် စက်ဘီး၊ ဆိုက်ကားများကို ပြန်လည်ရွေးယူနိုင်ကြခြင်းမရှိတော့သည့်အပြင် အတိုးများပါ ပေးသွင်းနိုင်ခြင်းမရှိတော့ကြောင်း၊ မိမိတို့ ပေါင်နှံထားသည့် ပစ္စည်းများအား ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် အပေါင်ဆိုင်ပိုင်ရှင် ဒေါ်ခင်မာကြူထံ လာရောက်တောင်းပန်သူများကို မကြာခဏ ကြုံတွေ့လာရပြီးနောက် လာရောက်ပေါင်နှံထားသူများ COVID-19 ရောဂါကပ်ဆိုး ကာလအတွင်း အခက်အခဲများ မရှိစေရေးအတွက် အခမဲ့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက် ဆိုင်ရှင်ဖြစ်သူ ဒေါ်ခင်မာကြူ၏ Facebook စာမျက်နှာပေါ်တွင် မိမိဆို်ငတွင် ပေါင်နှံထားသော စက်ဘီးနှင့် ဆိုက်ကားများကို ကိုဗစ်ကာလ ထောက်ပံ့သည့် အနေဖြင့် မိမိတို့ ပေါင်ထားသော ဘောက်ချာများကို ပြပြီး အလကားလာရောက် ပြန်ယူနိုင်ကြောင်း ရေးသားခဲ့ပြီးနောက် လာရောက် ယူသူများ အလွန်များပြားခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလကနေစပြီးတော့ အခုချိန်ထိ ရက်ပိုင်းလေးတွေမှာ ပေါင်ထားတဲ့သူတွေက အတိုးမလဲနိုင်ကြ( အတိုးမပေးနိုင်ခြင်း) လို့ ဆုံးမှာဆိုးလို့ မကြီးရယ် ပြည့်တော့နေပြီ မလဲနိုင်သေးဘူးလို့ လာလာပြောတာမှာ အိမ်က အစ်မက အငယ်မရေ လည်ပတ်မှုလည်းမရှိတော့ဘူး။ ဒီစက်ဘီးတွေကိုလည်း အတိုးလဲ မလဲနိုင်ကြဘူး၊ ရွေးလဲမရွေးနိုင်ကြတော့ဘူး။ သူတို့ဒုက္ခရောက်နေကြပြီထင်တယ်။ လာပဲတောင်းပန်နေကြတယ်။ နင်ဘာဖြစ် ချင်လဲဆိုတော့ ငါပြန်ပေးချင်တဲ့စိတ်တောင်ပေါက်တယ်လို့ သူကပြောတယ်။ အလုပ်က ညီအစ်မနှစ်ယောက် တူတူလုပ်တာဆိုတော့လေ။ အဲဒါနဲ့ ပေးချင်တာပဲ သဒ္ဒါကိုဖြတ်လိုက်ပေးမယ်ဆိုပြီးတော့ အဲ့ဒါဆို တစ်အိမ်တက်ဆင်း ဘယ်လိုလိုက်ပြောမလဲဆိုတော့ မပြောနဲ့ အခုခေတ်က ဒီလိုင်းပေါ်တင်ရင် လာယူကြမှာ ဒို့က အလကားပြန်ပေးမှာ တင်မယ်ဆိုပြီးတော့ ရေးတတ်သလောက်လေး ရေးပြီးတော့ ဘောက်ချာလေးတွေနဲ့ ကိုယ့်ပစ္စည်းလေးတွေ ကိုယ်လာယူကြပါဆိုပြီး တင်တာ၊ နာရီဝက်လောက်လဲကြာရော ကပြာကယာ ပြေးလာကြတာ၊ ထမိန်တိုတိုဝတ်ပြီးတော့ အမျိုးသမီးတွေရော ယောကျင်္ားကြီးတွေလဲ လာယူကြတာ ၊ ပထမတော့ ရည်ရွယ်ချက် အဲဒီလောက်မရှိဘူး။ ဒါပေမဲ့ သူတို့ကိုမြင်ပြီး သူတို့ပြောတဲ့ စကားလေးတွေက ဝမ်းသာရတာပေါ့ ပီတိတွေဖြစ်ရတယ် အဲ့လိုမျိုးနဲ့ လှူဖြစ်သွားတာပါဟု အပေါင်ဆိုင်ပိုင်ရှင် ဒေါ်ခင်မာကြူက ပြောကြားသည်။

အခမဲ့ပြန်လည် ပေးအပ်မည်ဟု သတင်းစကားဖြန့်ဝေပြီးနောက် နာရီပိုင်းအတွင်း ဝမ်းသာစွာ လာရောက် မေးမြန်းကြသူများလည်း အများအပြားရှိခဲ့ပြီး လက်ရှိအချိန်တွင် လာမယူသေးသည့် စက်ဘီး အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အခု ခုနစ်စီး ရှစ်စီးပဲ ကျန်တော့တယ်။ ဆိုက်ကားကုန်သွားပြီ။ စက်ဘီး ခုနစ်စီးပဲကျန်တော့တယ်၊ ပြောပြီးတော့ အများဆုံး နာရီဝက်လောက်ပဲကြာတာ အကုန်လုံးကို လာကြတာ၊ ဒီလိုလေ ငသိုင်းချောင်းမြို့လေးက ကျဉ်းကျဉ်းလေး။ ၆ ရပ်ကွက်ပဲ ရှိတယ်၊ ၆ရပ်ကွက်ပဲရှိတော့ တစ်ယောက်စကား တစ်ယောက် ဖုန်းထဲမှာ ဆိုတော့ နောက်အလကားပေးတာဆိုတော့ ဆင်းရဲတဲ့သူတွေကို အနားကလူတွေက ရစေချင်တယ် ထင်တယ် တစ်ခါထဲပြောတာ၊ ပြောတော့ အစ်မရယ် ဟုတ်လို့လား သူများပြောလို့သာ လာရတယ် မချင့်မရဲနဲ့ ဟုတ်လို့လား ဆိုပြီးလာတာ၊ ဟုတ်တယ် ပေးဘောက်ချာ ရော့ယူသွားဆိုပြီးပေးလိုက်တာ နာရီဝက်လောက် အတွင်းကို ၁၄ စီးလောက်ကျန်တယ် အခု  ခြောက်စီးလောက်ပဲ ကျန်တော့တယ်ဟု ဒေါ်ခင်မာကြူက ပြောကြားသည်။

COVID-19 ရောဂါကပ်ဆိုး ကာလအတွင်းတွင် နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ငွေများ ပေးအပ်နေသော်လည်း အလုပ်အကိုင်ရှားပါးမှု ပုံမှန်ဝင်ငွေ မရရှိမှုများကြောင့် ပြည်သူအများစုမှာ စားဝတ်နေရေးများ ကျပ်တည်းလာလျက်ရှိကြောင်း သိရသည်။

Leave a Reply