တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်မှ အနားယူခြင်းနှင့် ပတ်သက်၍ ဥပဒေကိုကျော်လွန် လုပ်ဆောင်ရန် မရှိကြောင်း တပ်မတော်ဘက်မှ ပြောကြား

Local News

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးတာဝန်မှ အနားယူခြင်းနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန်လုပ်ဆောင်သွားရန် မရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်က တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အနားယူတော့မည်လားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ တပ်တော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းမှုတွေမှာ ဖြေကြားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာလည်း သက်ဆိုင်ရာများ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲအချက်နှစ်ချက် အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျော်လွန်ဆောင်ရွက်စရာ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ပြောကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရာထူးသက်တမ်းနှင့် ပတ်သက်၍ တပ်မတော် ကကန ကောင်စီ၏ အမိန့်အရ အသက် ၆၅ နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်အတွင်း အသက် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကကနကောင်စီ အမိန့်သည် အတည်ဖြစ် မဖြစ်နှင့် ယင်းအမိန့်အား ပြင်ဆင်၍ ရသေးသလားဟု သတင်းထောက်တစ်ဦး၏ မေမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ မရှိပါဘူး။ အမိန့်ဆိုတာကလည်း ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ဥပဒေ သဘောမျိုးပါပဲ။ ကျွန်တော် ခုနပြောတဲ့အတိုင်းပဲ ဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်စရာ အကြောင်းမရှိပါဘူး” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ရာထူးမှ အနားယူပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် မည်သူဖြစ်လာမည်ကို မပြောနိုင်သေးသော်လည်း စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“တပ်မတော်မှာတော့ ဆင့်ကဲ တာဝန်ယူမှု တာဝန်ခံမှုရှိတယ်။ ရာထူးတိုးမြင့်ရေးတို့နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့တိကျတဲ့ မူဝါဒတွေကတော့ ရှိပြီးဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ဒီစည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲ သွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply