သာမညဖလအခါတော်နေ့ဖြစ်ပေါ်စေခဲ့တဲ့ အဇာတသတ်မင်းရဲ့ အမည်ကို မြန်မာ ဘာသာပြန်တဲ့အခါ…

Local News

သာမညဖလအခါတော်နေ့ဖြစ်ပေါ်စေခဲ့တဲ့ အဇာတသတ်မင်းရဲ့ အမည်ကို မြန်မာ ဘာသာပြန်တဲ့အခါ..

အဇာတသတ္တု ဆိုခြင်းကြောင့်
အဇာတ – မမွေးခင်ကတည်းက
သတ္တု – ရန်သူ
မမွေးခင်ကတည်းက အဖေကို ရန်လုပ်တဲ့သူလို့ ဘာသာပြန်ကြတယ်
ဘယ်လိုမိဘမျိုးက ကိုယ့်သားသမီးကို ဒီလိုနာမည် ပေးပါ့မလဲဗျာ
သူများက ခေါ်ရင်ကော ကြိုက်ပါ့မလား
ဒါပေမယ့် ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတွေရဲ့ ရှေးအကျဆုံး ကျမ်းတွေမှာ “ရာဇာ မာဂဓော အဇာတသတ္တု ဝေဒေဟိပုတ္တော”လို့ ဝေဒေဟီမိဖုရား၏သား မာဂဓတိုင်း၏ဘုရင် အဇာတသတ် လို့ ထပ်ခါတလဲလဲ ထပ်ခါတလဲလဲ တွေ့ရပါတယ်
ဒါကြောင့် အဇာတသတ်မင်းရဲ့ အမည်ဟာ အမည်ရင်းဖြစ်တာတော့ သေချာတယ်

ဘာသာပြန်မှာ ပြဿနာတက်နေဟန်တူတယ်လို့ ယူဆခဲ့ပါတယ်
သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓစာပေဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ယူရင်းနဲ့ သက္ကတဘာသာလေ့လာပြီး သက္ကတဘာသာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ယူတော့မှ အဇာတသတ်အမည်ဟာ ဝေဒေဟီမိဖုရားရဲ့သား မာဂဓတိုင်းရဲ့ ပြည့်ရှင်တစ်ပါးတည်းရဲ့ အမည် မဟုတ်ကြောင်းနဲ့ ဘာသာပြန်ပုံကို သေချာ သင်ခဲ့ရပါတယ်
ရိဂ်ဝေဒကျမ်းမှာ အရှင်သီဝဘုရားရဲ့ အမည်တစ်ခုအနေနဲ့လည်း တွေ့ရပါတယ်
ဒါ့အပြင် နတ်တို့အရှင် သိကြားမင်းကလည်း အဇာတသတ်ဆိုတဲ့အမည်ကို ရပါတယ် တဲ့
ကာသိမင်းကြီးကလည်း အဇာတသတ်ဘွဲ့ ခံခဲ့ပါတယ်
သမိကရဲ့သားနဲ့ ယုဒိဋ္ဌိရတို့ကလည်း အဇာတသတ်တွေပါပဲ

အဇာတသတ် – အဇာတသတ္တု – အဇာတသတြု – အဇာတသျှတြု – အဇာထသထြု – အဇာထသျှထြု – အဇာတသျှတြောလို့ သတ်ပုံ မူကွဲတွေ ရှိပါတယ်
အဇာတသတ္တု ဆိုတာ မူရင်းပုဒ် မဟုတ်ဘဲ – အဇာတသျှတြု ဆိုတဲ့ သက္ကတကနေ ပါဠိဘာသာကို ပြောင်းသုံးထားတာလို့ ဆိုပါတယ်
ဇာတ – ဆိုတာ မွေးဖွားတာပါ
အဇာတ – ဆိုတော့ မမွေးဖွားသေးပါဘူး တဲ့
သျှတြု – ဆိုတာ ရန်သူပါ
ဒီပုဂ္ဂိုလ်ရဲ့ ရန်သူဟာ မမွေးဖွားသေးဘူး
သို့မဟုတ်
ဒီပုဂ္ဂိုလ်မှာ ရန်သူမရှိဘူးလို့ ဆိုလိုပါတယ်
ဗိမ္ဗိသာရမင်းကြီးဟာ သူ့သားကို ချစ်လွန်းလို့ အရှင်သီဝဘုရားနဲ့ သိကြားမင်းတို့ရဲ့ အမည်ဖြစ်တဲ့ “ရန်သူမရှိသူ”ဆိုတဲ့အမည်ကို ပေးခဲ့တာပါ တဲ့
ဒီအမည်ဟာ ဟိန္ဒူဘာသာရေးရဲ့ ဒဏ္ဍာရီလာအမည် ဖြစ်ပါတယ်
အနှိုင်းမဲ့ စွမ်းအားရှင်ရဲ့ အမည်မျိုးဖြစ်တာကြောင့် အိန္ဒိယလူမျိုးများဟာ ဒီနာမည်ကို တွင်တွင်ကျယ်ကျယ် ခံယူ သုံးနှုံးဖို့ကြောက်ရွံ့ကြပါတယ်
ဝေဒေဟီမိဖုရားရဲ့သား မာဂဓတိုင်းဘုရင် အဇာတသတ်လို အင်မတန် ဘုန်းကံကြီးသူမှ ခံယူနိုင်စွမ်းရှိတဲ့ အမည်တစ်ခုဖြစ်ပါတယ်
ပုံကတော့ အိန္ဒိယက ဖန်တီးထားတဲ့ အဇာတသတ်မင်းရဲ့ ပုံပါ
အရှင်ခေမိဿရ (မဟာဝိဇ္ဇာ – သက္ကတ)
ကထိက – သုတေသန၊ ကျမ်းပြုနှင့် ဘာသာပြန်ဌာန
ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်

Leave a Reply