တောင်ကြီးတက္ကသိုလ်Quarantine Center တွင် Quarantineဝင်နေသော အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

Local News

တောင်ကြီးတက္ကသိုလ်ရှိ Quarantine Center တွင် Quarantine ဝင်နေသော အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထား

တောင်ကြီးတက္ကသိုလ်ရှိ Quarantine Center တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက်တွင် မြဝတီမြို့မှ နေရပ်ပြန်လာသော အမျိုးသမီးတစ်ဦးသည် တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် နန်းဝတီအမျိုးသမီးအဆောင် Quarantine Center သို့ ရောက်ရှိပြီး မကြာမီ ညဘက် ၈ နာရီခွဲခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးသည် ဓားကိုင်ဆောင်ထားပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ထွက်ပြေးသွားခဲ့သဖြင့် နီးစပ်ရာအခန်းဖော်ကို သတင်းပို့ပြီး သက်ဆိုင်ရာသို့ လှမ်းအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီး၏ ပြောကြားချက်အရ ဓားကိုင်ဆောင်ထားသော အမျိုးသားသည် အောက်ထပ် အိမ်သာခန်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်မှူး ရဲမှူးချုပ် တင်ကိုကို၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ လာရောက် စစ်ဆေးခဲ့ပြီး၊

Quarantine Center နှစ်ထပ်ဆောင်ကို လူစုခွဲ၍ ရှာဖွေခဲ့သော်လည်း ကျူးလွန်သူကို ရှာမတွေ့ဘဲ လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ နန်းဝတီ အမျိုးသမီးအဆောင်သည် အနောက်ဘက်တွင် သံဇကာအပေါက် တစ်ပေါက်ရှိပြီး အနောက်ဘက်မှ ဝင်လာနိုင်စရာအကြောင်းရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

အဆိုပါ အမျိုးသမီးကို ကြက်ခြေနီတပ်ဖွဲ့ မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပင် နှာခေါင်းတို့ဖတ်နမူနာများကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် စုံစမ်းဆဲပါပဲ။ အမှုဖွင့်တာပေ့ါ။ ညတွင်းချင်း ဖွင့်တာပေ့ါ။ ၃၇၆ နဲ့ ဖွင့်တာပေ့ါ။ ကျန်းမာရေးက နောက်တစ်နေ့လောက်မှ ဆေးစာရမယ်။ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာလေ။ သူ့ကို COVID-19 ရောဂါပိုးရှိ မရှိ စစ်တယ်။ ဒီမနက် ၈ နာရီခွဲလောက်မှာ ဆေးကုသမှုတွေ လုပ်ပါတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဌေးဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးက အတည်ပြုပြောကြားသည်။

Leave a Reply