ဒီဇင်ဘာလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း တပ်မတော်ထုတ်ပြန်

Local News

နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ဒီဇင်ဘာလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် ထပ်မံသက်တမ်းတိုးခြင်းဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင်လက်မှတ်မထိုးရသေးသည့် အဖွဲ့များအနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက်ဆောင် ရွက်နိုင်ရေး၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရေးအတွက် ဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

တပ်မတော်၏ ဒုတိယအကြိမ် အပစ်ရပ်ကြေညာမှုကို ၂၀၂၀ မေလ ၉ရက်ကစ၍ သြဂုတ်လကုန်အထိ ပြုလုပ်ခဲ့သည်။ ထို့နောက် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် လစဉ် သက်တမ်းတိုးမြှင့်ခဲ့ပြီး ယခု ထပ်မံသက်တမ်းတိုးခြင်းဖြစ်သည်။ တပ်မတော်၏ ကြေညာချက်၌ ဖော်ပြချက်အရ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခံထားရသည့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)နှင့် ARSA တည်ရှိရာနေရာများမှ အပ တစ်နိုင်ငံလုံး၌ အပစ်ရပ်ကြေညာမှု အကျုံးဝင်သည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ရက်တွင်လည်း ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်းဖွဲ့စည်းခဲ့သည်။ လိုအပ်ပါက အပစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးနိုင်ရန် ယင်းကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

Leave a Reply