တွမ် ခရုစ် – ကိုဗစ်နဲ့ ပတ်သက်ပြီး ရုပ်ရှင် အဖွဲ့သားတွေကို အော်ငေါက်နေတဲ့ အသံဖိုင် ထွက်ပေါ်လာ

Local News

Mission: Impossible 7 ရုပ်ရှင် ဇာတ်ဝင်ခန်း တစ်ခန်း ရိုက်ကူးနေတုန်း တွမ်ခရုစ်က

ဝန်ထမ်းတွေ ကိုဗစ်လမ်းညွှန်ချက်တွေကို ချိုးဖောက်ရင် အလုပ်ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက် အော်ငေါက်နေတဲ့

အသံတွေလို့ မှတ်ယူနိုင်တဲ့ အသံဖိုင်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

The Sun သတင်းဌာနက အဲဒီအသံဖိုင်ကို ထုတ်ပြန်ဖော်ပြခဲ့ပြီး အဲဒီထဲမှာ တွမ် ခရုစ်က”ဒီလို လုပ်နေတာတွေ

ငါထပ်တွေ့ရမယ် ဆိုရင်၊ မင်းတို့ … အလုပ်ပြုတ်ပြီ” လို့ ပြောတာလည်း ပါပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ ဝန်ထမ်း ၂ ယောက် “ကွန်ပျူတာ ဖန်သားမျက်နှာပြင် အရှေ့မှာ ရပ်နေကြတာ

တစ်ယောက် နဲ့ တစ်ယောက် အတော်နီးနီးကပ်ကပ်ရှိနေတာကို”တွမ် ခရုစ်က မြင်တွေ့သွားတယ်လို့ အဲဒီ သတင်းထဲမှာ ရေးထားပါတယ်။

Variety မဂ္ဂဇင်း နဲ့ ရိုက်တာ သတင်းဌာနတို့ကလည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒီဖိုင်ထဲက အသံဟာ တွမ်ခရုစ် ရဲ့ အသံဆိုတာမှန်ကန်ကြောင်း ရေးထားပါတယ်။

အဲဒီဇာတ်ဝင်ခန်းကို ဗြိတိန်မှာ သိပ်မကြာခင်ကာလက ရိုက်ကူးသွားတာပါ။

ဒီအဖြစ် ဘယ်တုန်းက ဖြစ်ပျက်ခဲ့သလဲဆိုတာကို The Sun သတင်မှာ ရေးထားတာ မတွေ့ရပေမဲ့

ရိုက်တာ သတင်းအရ ရုပ်ရှင် ရိုက်သူတွေ ဒီဇင်ဘာလ အစောပိုင်းတုန်းက ဗြိတိန်ကနေ ပြန်သွားကြတာကို သိရပါတယ်။

အီသန် ဟန့် အဖြစ် တွမ် ခရုစ် သရုပ်ဆောင်တဲ့ The Mission: Impossible ဇာတ်ကားတွေဟာ

သိပ်ကို အောင်မြင်မှုရတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

The Mission: Impossible ၇ ကားမြောက် ဇာတ်ကားကို ဖေဖော်ဝါရီလတုန်းက အီတလီမှာ ရိုက်နေတုန်း

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားကူးစက်မှာကို စိုးရိမ်ရတာကြောင့် ကားရိုက်တာကို ရပ်နားခဲ့ရပြီး

The Sun သတင်းစာက ရုပ်ရှင်မင်းသားဟာ “နောက်ထပ် ရွှေ့ဆိုင်းရတာမျိုးတွေကို မဖြစ်အောင် ကြိုးစားခဲ့တယ်” လို့ ရေးပါတယ်။

ဖမ်းယူထားတဲ့ အဲဒီ အသံဖိုင်ထဲမှာ တွမ် ခရုစ်က “ငါတို့ကြောင့် ဒီလူတွေ ဟောလီးဝုဒ်ကို ပြန်လာပြီး

ရုပ်ရှင်တွေ ရိုက်ရတာ၊ ငါတို့ဟာ ထောင်နဲ့ချီတဲ့ အလုပ်တွေကို ဖန်တီးပေးထားတာ”လို့ အော်ဟစ်နေတာကိုလည်း ကြားရပါတယ်။

“ဒါပဲ၊ ဘာမှ တောင်းပန်နေမှာမဟုတ်ဘူး။ သူတို့ လုပ်ငန်းတွေ ပိတ်လိုက်ရလို့ သူတို့ … အိမ်တွေ

ဆုံးသွားတဲ့ လူတွေဆီကို မင်း ဒီအကြောင်းကို သွားပြောနိုင်တယ်။”

“ငါတို့က ဒီ… ရုပ်ရှင်ရိုက်တာကို ပိတ်မှာ မဟုတ်ဘူး၊ နားလည်လား၊ ငါ ဒါမျိုးထပ်တွေ့ရင် မင်းတို့ … အလုပ်ပြုတ်ပြီ။”

မကြာသေးခင်က Mission: Impossible 7 ကို ရောမမြို့မှာရိုက်ကူး နေစဉ် တွမ် ခရုစ် နှာခေါင်းစည်း တပ်ဆင်ထား

ဒီဇာတ်ကားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသနိုင်ဖို့ ရည်ရွယ်ထားကြတယ်လို့ Variety မဂ္ဂဇင်းက ရေးပါတယ်။

တွမ် ခရုစ်ရဲ့ ကိုယ်စားလှယ်တွေ၊ Mission: Impossible ရုပ်ရှင် စတူဒီယိုနဲ့ ထုတ်လုပ်သူတွေဆီက

မှတ်ချက်စကားရနိုင်ဖို့ အတွက် ဘီဘီစီက ပန်ကြားခဲ့ပါတယ်။

ဒီအသံဖိုင်ဟာ အင်တာနက်မှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။

မနှစ်က ဘီဘီစီ တီဗီအတွက် A Christmas Carol အစီအစဉ်ကို ဒါရိုက်တာအဖြစ်လုပ်ခဲ့တဲ့

နစ်ခ် မာဖီက နာမည်ကျော် ရုပ်ရှင်စတားကို ချီးကျူးပြီး “တွမ် ခရုစ် အဲဒီလို လုပ်တာ မှန်ကန်တဲ့အလုပ်ပဲ” လို့ ဆိုပါတယ်။

အမေရိကန် ရေဒီယို တင်ဆက်သူ ဂျွန် ရိုချာက သူ့ထောက်ခံမှုကို ပြရင်း

“စည်းမျဉ်းတွေကို မလိုက်နာသူတွေ ဒါမှမဟုတ် နှာခေါင်းစည်း မတပ်ချင်တဲ့လူတွေကို

တာဝန်ခံနေရာမှာ လုပ်နေတဲ့ လူတွေ ဒီလိုမျိုးပိုလုပ်ကြဖို့ ကျွန်တော်တော့ ဖြစ်စေချင်တယ်။

တွမ် ခရုစ်က ပိုကျယ်ကျယ်ပြန့်ပြန့် မြင်ကြဖို့ မီးမောင်းထိုးပြတာကို လူတွေမြင်ကြရင် ပိုကောင်းမယ်” လို့ ရေးပါတယ်။

Source : BBC NEWS

Leave a Reply