ကိုဗစ်ကြောင့် အထိနာလာတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးမျှော်လင့်ချက်

Local News

ဒီရက်ပိုင်းမှာ ကိုဗစ်အခြေအနေဆိုးလာတာနဲ့အမျှ စစ်ကောင်စီဖက်က ဝါဒဖြန့်ချီမှုတွေကလည်း ပြည်သူလူထုကို မှိုင်းတိုက်ဖို့အတွက် ခပ်စိတ်စိတ်ထွက်ပေါ်လျက် ရှိပါတယ်။

ဝါဒဖြန့်ချီမှုတွေထဲမှာ အဓိက ပစ်မှတ်ထား အပြစ်ပုံချခံနေရတာကတော့ CDM ဆရာဝန်တွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စစ်ကောင်စီက CDM ဆရာဝန်တွေကို ခြောက်တခါ ချော့တလှည့် နည်းလမ်းကို အသုံးပြုလာတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်ပေါ်က စစ်လော်ဘီဘောမတွေကနေတဆင့် ဆိုးဝါးလာနေတဲ့ ကိုဗစ်အခြေအနေများဟာ CDM ဆရာဝန်များကြောင့်ဟု နာမည်တပ်ထိုးနှက်လာရုံတင်မကပဲ CDM ဆရာဝန်တွေ ဖွက်ခဲ့တဲ့ အောက်ဆီဂျင်စက်တွေကို တပ်ချုပ်ကြီးက ပြန်ရှာတွေ့တယ်ဆိုတဲ့ သတင်းမှားတွေ လွှင့်တဲ့အထိ ထိုးနှက်ချက်များကို တရစပ်ပြုလုပ်လာတာကို တွေ့မြင်နေရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ CDM ဆရာဝန်တွေကို သူ့တို့ ဘက်တော်သားတွေဆီကတဆင့် နိုင်ငံကို ပြန်ကြည့်ပေးပါဆိုတဲ့ စာသားတွေ ထွက်လာစေတာမျိုး ဘုန်းကြီးတွေကနေတဆင့် စေ့စပ်လိုမှုတွေကို ဖြည်းဖြည်းခြင်း တွေ့နေရပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေဟာ ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့ ကိုဗစ်အခြေအနေနဲ့ အုပ်ချုပ်ဖို့ ခက်ခဲလာတဲ့ နိုင်ငံအခြေအနေတွေအပေါ်မှာ စစ်ကောင်စီအနေနဲ့ အပြောင်းအလဲတစုံတရာဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်အပြည့်နဲ့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ယုံကြည်မှု ယိုယွင်းလာဟန် သတင်းစကားများ ထွက်ပေါ်လျက် ရှိတဲ့ စစ်ကောင်စီထောက်ခံသူ အသိုင်းအဝိုင်းအတွက်လည်း ချွေးသိပ်ပေးရန်သက်သက် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

ဘယ်လိုမျိုးလဲဆိုတော့ “ငါတို့က အသုံးမကျတာ မဟုတ်ဘူး၊ NUG ကြောင့် ဆရာဝန်တွေ CDM လုပ်တာကြောင့် အနီထောက်ခံသူတွေကြောင့် အစရှိတဲ့ ရန်သူကြောင့် ငါတို့အလုပ်မဖြစ်တာ” ဆိုတာကို တည်ဆောက်လာပြီး အဲ့အပြောအဆိုနဲ့ လော်ဘီတွေက လွှမ်းမိုးဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ ယခုလို မျှော်လင့်ချက်များဖြင့် လုပ်ဆောင်နေခြင်းဟာ ဘယ်လောက်အတိုင်းအတာအထိ အကျိုးသက်ရောက်နိုင်မလဲ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply