စစ်တပ်မြေများသို့ သချိုင်းမြေများပစ်ထည့်ပြီး နာမ်နှိမ်ခဲ့သူများကို အရေးယူရန်ရှာဖွေနေ

Local News

စစ်တပ်မြေများသို့ သချိုင်းမြေများပစ်ထည့်ပြီး နာမ်နှိမ်ခဲ့သူများကို အရေးယူရန်ရှာဖွေနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်မြေများသို့ သချိုင်းမြေများပစ်ထည့်ပြီး နာမ်နှိမ်ခဲ့သူများကို အရေးယူရန်ရှာဖွေနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့ရှိ လောကီအစီအရင်တတ်ကျွမ်းသူများအဖွဲ့က စစ်ကောင်စီတပ်နယ်မြေများ အတွင်းသို့ သချိုင်းမြေများ သွားပစ်ထည့်ပြီး နာမ်နှိမ်သပိတ်ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ကို CCTV မှတဆင့် လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ရေး ပြုလုပ်နေကြောင်း စစ်တပ်တွင်း သတင်းရင်းမြစ်များထံမှ ယနေ့ သိရသည်။

အဆိုပါအဖွဲ့ဝင် ၄ဦးက မတ်လ ၂၁ ရက်၊ ညနေ ၃ နာရီအချိန်က သချိုင်းမြေများကိုယူ၍ တောင်ကြီးမြို့ရှိ တပ် အားလုံးထံသို့ တပ်အနီးနားသွားပြီး တပ်အတွင်းပစ်ထည့်စွန့်ပစ်ကာ နာမ်နှိမ်သပိတ်ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်အနီးဝန်းကျင်ရှိ CCTV မှတဆင့် ခြေရာခံကာ မိအောင်ဖမ်းဆီးရန် ညွှန်ကြားထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နဂိုကတည်းက ဗေဒင်၊ ယတြာတွေ အရမ်းယုံကြည်တဲ့လူတွေဆိုတော့ သချိုင်းမြေများ လာပစ်ထည့်ထားတယ်လို့ သတင်းထွက်လာတော့ မိအောင်ဖမ်းဖို့ ညွှန်ကြားထားတယ်။ တပ်အနီးနားက CCTV က တဆင့် လိုက်စစ်ဆေးနေကြတယ်။

လောလောဆယ်တော့ မသင်္ကာဖွယ် ၄ယောက် တွေ့ထားတယ်။ သူတို့ကို ဖမ်းဆီးနိုင်ဖို့ လိုက်ရှာတာ၊ စုံစမ်းတွေ လုပ်နေတယ်။ ၄ယောက်လုံးကတော့ အမျိုးသားတွေပါ”ဟု ၎င်းကပြောသည်။

စစ်တပ်မှ ယခင်နှစ်ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်အာဏာသိမ်းယူသည်ကို ပြည်သူအများစု၊ လူတန်းစားအလွှာအသီးသီး၊ ပညာရှင်အများအပြားမှ ဆန့်ကျင်တော်လှန်လျှက်ရှိရာ လောကီအစီအရင်တတ်ကျွမ်းသူများကပါ အာဏာသိမ်းစစ်တပ်အား ၎င်းတို့တတ်သည့်ပညာများဖြင့် ဝင်ရောက်ပါဝင်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်တပ်မှ ၎င်းတို့အား လိုက်လံဖမ်းဆီးရန်ကြိုးပမ်းနေသည့် အခြေအနေနှင့် ပါတ်သက်ပြီး “ကျွန်တော်တို့ကတော့ ဘေးကင်းလုံခြုံရာမှာ ရှိနေပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်တော်လှန်ဖို့ ကျွန်တော်တို့တတ်တဲ့ ပညာနဲ့ တော်လှန်ရေးမှာ တစ်ထောင့်တစ်နေမှ ပါဝင်နေအုံးမှာပါ”ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ၄ ဦးအပြင် တောင်ကြီးမြို့တွင် ယခုမတ်လနှောင်းပိုင်းကာလအတွင်း အာဏာသိမ်းစစ်တပ်မှ PDF များနှင့် ဆက်စပ်သည်၊ အလှူငွေကောက်ခံထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးမှုများသည် စိုးရိမ်စရာအခြေအနေဖြစ်လာနေပြီး တစ်ပါတ်အတွင်း လူငယ် ၁၀၀ကျော် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။

ရေးသားသူ – မဲခေါင် News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။