ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ

Local News

ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ အရေးယူအပြစ်ပေးနိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ယနေ့တွင် ကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာမှ အသိပေး ကြေညာလိုက်ခြင်းဖြစ်ပြီး တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတရပ်လုံး ယုံကြည် လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။


ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့​​ ဖြစ်စေရန် “ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ”နှင့်အညီ “ပြည်သူ့ရဲတပ်ဖွဲ့” အား ဖွဲ့စည်းလိုက်ကြောင်း ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
“ပထမက ဒီဒေး ပေါ့လေ။ နောက်ဆက်တွဲမှာ ဘာဖြစ်လာသလဲပေါ့။ တိုက်ပွဲတွေ ပိုများလာတယ်။ အဲ့ဒီမှာ ဘယ်အရာကို အနိုင်ရအောင်၊ ပြည်သူက လုံးဝယုံကြည်ကိုးစားလောက်အောင် လုပ်ပြနိုင်ခဲ့သလဲ၊ ဒါက အရေးကြီးပါတယ်၊ နိုင်ပွဲရမှ ပြည်သူက အားတက်မှာလေ။ အားပေးရကျိုးလည်း နပ်မှာပေါ့နော်။

အခုက စစ်ဘေးရှောင်တွေ၊ ပြေးရသူတွေပဲ များလာတယ်။ အဲ့ဒီနောက်ပိုင်း မီးရှို့ခံရတဲ့ရွာတွေ ပိုများလာတယ်။ နောက်ပြီး စစ်ကိုင်းမှာ တရားစီရင်ရေးအဖြစ် ဘယ်သူတွေကိုဖြင့် ဖွဲ့လိုက်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပြန်တယ်။ အဲ့နောက်ပိုင်း အဲ့ဒီနေရာတွေ ပိုပြီး ထိုးစစ်ဆင်ခံရတယ်။ ဝေဖန်နေတာ မဟုတ်ပါဘူး။ အမိန့်ကြေညာချက်လို့ ထုတ်ပြန်ရင် အမိန့်ဆိုတဲ့စကားလုံးပါဝင်နေတဲ့အတွက် အမိန့်တည်အောင် လုပ်ပြနိုင်စွမ်း လိုအပ်တယ်ဆိုတာကို ပြောပြတာပါ။ မဟုတ်ရင်တော့ စာရွက်တစ်ရွက်မှာ စာတွေ လျှောက်ရေးနေတာမျိုးထက် မပိုဘူးလေ။ အခုလည်း ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ဥပဒေနဲ့အညီ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့မယ်ဆိုတာမျိုး အမိန့်ကြေညာချက် ထုတ်လာပြန်တယ်။

ရဲတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတယ်ဆိုတာမှာ ရဲချုပ်ကနေ အောက်ခြေအဆင့်အထိ သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေ၊ ထိန်းကျောင်းမှုတွေ၊ နယ်မြေအုပ်စိုးနိုင်စွမ်းဆိုတာတွေ အများကြီး လိုအပ်ပါတယ်။ ဒီလောက်ဆိုရင် ပြည်သူတစ်ယောက်ဘက်က ဘာကို ဆိုလိုချင်တယ်ဆိုတာကို သဘောပေါက်နိုင်ပါလိမ့်မယ်။ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတယ်လို့ ပါးစပ်နဲ့ပြောတာက အလွယ်လေးပါပဲ။ ရဲတပ်ဖွဲ့တစ်ခုကို ထိန်းကျောင်းရတာက တာဝန်တွေ အရမ်းကြီးပါတယ်။ မထိန်းကျောင်းနိုင်ရင် စည်းကမ်းပျက်ရဲ၊ အကျင့်ပျက်ရဲတွေ ပေါ်လာပြီး ပြည်သူကပဲ ဒုက္ခကို နှစ်ဆတိုး ခံစားရမှာပါ။ ဒီဘက်က ရဲရော ဟိုဘက်ကရဲရော နှစ်ဖက်လုံးကရဲကို အကုန်ကြောက်နေရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အမိန့်ကြေညာချက်တစ်ခုထုတ်ပြန်ရင် လက်တွေ့လုပ်နိုင်စွမ်းက အရေးအကြီးဆုံးပါ”ဟု NUG အစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဗဟန်းမြို့နေ ပြည်သူတစ်ဦးက MPA သတင်းဌာနသို့ မှတ်ချက်ပေးသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။