အာဂျင်တီးနား ၁- ၂ ဆော်ဒီအာရေဗျ

Sports

အာဂျင်တီးနား ၁- ၂ ဆော်ဒီအာရေဗျ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဂျင်တီးနား ၁- ၂ ဆော်ဒီအာရေဗျ ဆိုတဲ့ အားကစားသတင်းလေးပဲ ဖြစ်ပါတယ်။

အခုနှစ် ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနား ပွဲဦးထွက်မှာပဲ ဆော်ဒီ အာရေဗျကို မထင်မှတ်ပဲ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲကြုံသွားပါတယ်။ ကမ္ဘာ့ဖလား သမိုင်း တလျှောက် မမျှော်လင့်ဆုံး ပွဲ အဖြေ ရလဒ် တစ်ခု ဖြစ်သလို၊ အာဂျင်တီးနားရဲ့ ၃၆ ပွဲ ဆက် ရှုံးပွဲမရှိ စံချိန်ဟာ ကမ္ဘာ့ဖလား ပွဲဦးထွက် ကျိူးပျက် သွားတာ ဖြစ်ပါတယ်။
ပထမပိုင်း ၁၀ မိနစ်မှာ မက်ဆီက ပင်နယ်တီက တဆင့် အာဂျင်တီးနား အတွက် ဂိုးသွင်းယူခဲ့ပြီး၊ ခြေအသာ ကစားကွက် အသာနဲ့ လွှမ်းမိုး ကစား နိုင်ခဲ့ပါတယ်။ အာဂျင်တီးနား ကစားတာ ဘောလုံးပညာပြည့်သလို အင်မတန် မြန်ဆန်နေပြီး၊ နောက်သွင်းသမျှ ဂိုးတွေဟာ လူကျွံဘောတွေ ဖြစ်နေခဲ့ပါတယ်။ အဲ့သလို အော့ဖ်ဆိုက်တွေကနေ ၃ ဂိုး သွင်းနိုင်ခဲ့ပေမယ့် အရာမထင် ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း အစ ပထမဆုံး ၈ မိနစ် အတွင်းမှာပဲ မှော်ဆန်တဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပါတယ်။ ၄၈ မိနစ်မှာ Al-Shehri က ဆော်ဒီအတွက် ချေပဂိုး သွင်းယူပြီး၊ ၅ မိနစ် အတွင်းမှာပဲ Al Dawsari က အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဆော်ဒီဟာ အာရှ ထိပ်တန်း အသင်း ဖြစ်ပေမယ့် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်မှာတော့ ၅၁ ပဲ ရှိပါတယ်။ ကမ္ဘာ့ထိပ်ဆုံး ၃ သင်းထဲပါတဲ့ စကာလိုနီရဲ့ အာဂျင်တီးနားကတော့ ၂၀၂၁ ကိုပါအမေရိကဖလားကို သိမ်းပိုက်တာ အပါအဝင် ၃၆ ပွဲဆက် ရှုံးပွဲ မရှိ အကောင်းဆုံး ခြေစွမ်းရနေတာ ဖြစ်လို့၊ အခုနှစ် ကမ္ဘာ့ဖလားကိုလည်း ခေတ်သစ် ဂန္ထဝင် ဘောလုံးသမား မက်ဆီဦးဆောင်ပြီး အရယူနိုင်ဖို့ရာ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

လာမယ့် စနေနေ့မှာတော့ အာဂျင်တီးနားဟာ မက္ကဆီကို အသင်းနဲ့ ကစားရမှာ ဖြစ်သလို၊ ဆော်ဒီလည်း ပိုလန်နဲ့ ကန်ရမှာ ဖြစ်ပါတယ်

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။