မြန်မာနိုင်ငံခရီးစဉ်ပျက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန အတည်ပြု

Local News

မြန်မာနိုင်ငံခရီးစဉ်ပျက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန အတည်ပြု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြန်မာနိုင်ငံခရီးစဉ်ပျက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန အတည်ပြု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Myanmar Now
Published on Dec 1, 2022

နိုဝင်ဘာ ၂၉ မှ ၃၀ ရက်နေ့အထိ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ဖျက်သိမ်းရခြင်းမှာ အချိန်အကန့်အသတ်ကြောင့်ဖြစ်သည်ဟု ကမ္ဘောဒီးယားဘက်က အကြောင်းပြသည်။​

မတ်လအတွင်းက နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့စဉ် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဏာသိမ်းခေါင်းဆောင်တို့ကို တွေ့ရစဉ်။ 
မတ်လအတွင်းက နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့စဉ် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အာဏာသိမ်းခေါင်းဆောင်တို့ကို တွေ့ရစဉ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထူးကိုယ်စားလှယ်အနေဖြင့် တတိယအကြိမ် မြန်မာနိုင်ငံသွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက Myanmar Now ကိုအတည်ပြုသည်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn သည် မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၉ မှ ၃၀ ရက်နေ့အထိ သွားရောက်ရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းလိုက်ကြောင်း သံတမန်အသိုင်းအဝိုင်းမှ ကနဦးသိရှိရသည်ကို ဆက်သွယ်မေးမြန်းရာတွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက အထက်ပါအတိုင်း အတည်ပြုခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေပြန်ရောက်ရေး ကတိကဝတ်ပြုထားသည့်အတိုင်း တတိယအကြိမ် အလုပ်သဘော ခရီးစဉ်သွားရောက်လိုခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောသည်။

“အကြောင်းမလှစွာပဲ သူ့အနေနဲ့ ခရီးစဉ်ကို အကောင်အထည်မဖော်နိုင်တော့ပါဘူး။ အထူးသဖြင့် အချိန်အကန့်အသတ်အရ အာဆီယံ – အီးယူ ထိပ်သီးစည်းဝေးလည်း ရှိနေတဲ့အတွက်ပါ” ဟု ၎င်းက ပြောသည်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးပြီးနောက် ထွက်ပေါ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီအပေါ် ထပ်မံ ဖိအားပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုအခြေအနေတွင် အာဆီယံအထူးသံတမန်၏ နေပြည်တော်ခရီးစဉ်မှာ မျက်နှာပန်းမလှနိုင် ကြောင်း သုံးသပ် ချက်များထွက်ပေါ်နေချိန်တွင် ခရီးစဉ်ဖျက်သိမ်းသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ပြီးခဲ့သည့် မတ်လနှင့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်လာရောက်ခဲ့သော်လည်း စစ်ကောင်စီ တာဝန်ရှိသူများနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။

အာဆီယံအစည်းအဝေးနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးမှုများမြင့်တက်နေချိန် နိုဝင်ဘာ ၁၇ ရက် တွင် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးကြောင်း ကြေညာစဉ် အာဆီယံအထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံသို့ တတိယအကြိမ်သွားရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခြားသားလေးဦး အပါအဝင် နိုင်ငံရေးအကျဉ်း သားအချို့ ပြန်လွှတ်ပေးသည့်လုပ်ရပ်ကို ကြိုဆိုကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆံယံဘုံသဘော တူညီဆန္ဒ ၅ ရပ်ကို ဆက်လက်ကိုင်စွဲကာ တိကျသည့် အချိန်ဇယား၊ လက်တွေ့တိုင်းတာနိုင်သည့် အညွှန်းကိန်းများဖြင့် အကောင်အထည်ဖော်ရန် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

(အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအားလုံးအဆုံးသတ်ရေး နှင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးစသည့် အချက်များပါဝင်သည်။)

ထိပ်သီးအစည်းအဝေးအပြီး ပေါ်ပေါက်လာသော ဖိအားများနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ၉ ကြိမ်မြောက် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM-Plus) သို့ စစ်ကောင်စီကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခွင့် မရခဲ့ပေ။

ယင်းဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီအပေါ် အာဆီယံဘက်က တိုးမြှင့်လိုက်သည့် နောက် ထပ် အရေးယူဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ယခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဦးဝဏ္ဏ မောင်လွင်ကိုသာ အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခွင့်မပြုရန် အာဆီယံခေါင်းဆောင်များက ကန့်သတ်ထားခဲ့သည်။

ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးရာတွင် မြန်မာ စစ်ကောင်စီကို အာဆီယံ၏ ဝန်ကြီးအဆင့် အစည်းအဝေးအားလုံး တက်ရောက်ခွင့်မပြုရန် တင်ပြမှုရှိခဲ့သော်လည်း ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့က ကန့်ကွက်သဖြင့် ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိဟုလည်း သံတမန်အသိုင်းအဝိုင်းမှ သိရှိရသည်။​

ကမ္ဘောဒီးယားနိုင်ငံမှာ အလှည့်ကျဥက္ကဋ္ဌအဖြစ် တစ်နှစ်တာအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ယခု ဒီဇင်ဘာလအကုန်မှစ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက ဆက်တာဝန်ယူမည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။