လက်ရှိချန်ပီယံပြင်သစ် ဗိုလ်လုပွဲတက် အကြိုဗိုလ်လုပွဲဖြင့်သာ မော်ရိုကိုကျေနပ်လိုက်ရ

Sports

လက်ရှိချန်ပီယံပြင်သစ် ဗိုလ်လုပွဲတက်
အကြိုဗိုလ်လုပွဲဖြင့်သာ မော်ရိုကိုကျေနပ်လိုက်ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ရှိချန်ပီယံပြင်သစ် ဗိုလ်လုပွဲတက် အကြိုဗိုလ်လုပွဲဖြင့်သာ မော်ရိုကိုကျေနပ်လိုက်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားကြသည့် ကာတာကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်က မော်ရိုကိုအသင်းကို လွယ်လင့်တကူအနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်သွားသည်။ ခံစစ်ဦးစားပေး မော်ရိုကိုအသင်းကို ပွဲချိန်မိနစ် ၉၀ အတွင်းမှာပင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မော်ရိုကိုအသင်းမှာ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီ စသည့်အသင်းကြီးများကို ဖြုတ်ချကာ အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း လက်ရှိချန်ပီယံကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ပထမဆုံး အာဖရိကဘောလုံးအသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ရေး အိမ်မက်လည်း ပျက်ပြယ်သွားသည်။

ပထမပိုင်းစပြီး ငါးမိနစ်အကြာမှာပင် ပြင်သင်အသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။ မော်ရိုကိုဂိုးပေါက်ရှေ့တွင် ရှုပ်ယှက်ခက်နေရာမှ လျှံကျလာသည့်ဘောလုံးကို နောက်တန်းလူ ဟာနန်ဒက်ဇ်က ကန်သွင်းယူခြင်းဖြစ်သည်။ အသင်းကြီးများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသော မော်ရိုကိုကစားသမားများမှာ ပွဲပန်းသည့်ဒဏ်ခံစားနေရပြီး ပထမပိုင်းမိနစ် ၂၀ မှာပင် နောက်တန်းကစားသမားတစ်ဦး စောစောစီးစီး လဲခဲ့ရသည်။

မော်ရိုကိုအသင်းက နောက်တန်းနှင့် အလယ်တန်းကို ကစားသမား ၉ ယောက်အထိထားတာ ခံစစ်ဦးစားပေးဖြင့် လက်ရှိချန်ပီယံပြင်သစ်ကို ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းအစတွင်လည်း မော်ရိုကိုက နောက်တန်းကစားတစ်ဦး ထပ်လဲခဲ့ရသည်။ ထို့နောက် မိနစ် ၆၀ ကျော်တွင် ကစားသမားနှစ်ဦး ထပ်လဲခဲ့ရသည်။
ဒုတိယပိုင်း ၇၉ မိနစ်တွင် ပြင်သစ်က ဒုတိယဂိုးထပ်ရသည်။ လူစားဝင်ကစားသမား မူရာနီက သွင်းယူပေးခြင်းဖြစ်သည်။ ဒုတိယပိုင်း ပြီးခါနီးတွင် မော်ရိုကိုအသင်းက ဖိအားပေးကစားကာ အခွင့်အရေးအချို့ရရှိသော်လည်း ပွဲအဖြေပြောင်းမသွားခဲ့ပေ။

 

အစဉ်အလာအတိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းကို ဥရောပနှင့် တောင်အမေရိကအသင်းများသာ ကြီးစိုးထားရာ အာရှတိုက်တွင် ဒုတိယအကြိမ် ကျင်းပသည့်ကမ္ဘာ့ဖလားတွင်လည်း ပြင်သစ်နှင့် အာဂျင်တီးနားတို့ ဗိုလ်လုပွဲကစားကြမည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၇ ကြိမ်ရ နာမည်ကျော် ဘောလုံးသမားမက်ဆီဦးဆောင်သည့် အာဂျင်တီးနားနှင့် လက်ရှိချန်ပီယံပြင်သစ်တို့ ဒီဇင်ဘာ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဗိုလ်လုပွဲခြောက်ကြိမ်ရောက် အာဂျင်တီးနားအသင်းမှာ ၁၉၇၈ နှင့် ၁၉၈၆ တွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်။ လက်ရှိချန်ပီယံပြင်သစ်မှာ စတုတ္ထအကြိမ်မြောက် ဗိုလ်လုပွဲတက်ရောက်လာခြင်းဖြစ်ကာ ၁၉၉၈ နှင့် ၂၀၁၈ တွင် ချန်ပီယံဖြစ်ခဲ့သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။