လူဦးရေစာရင်း ကောက် ရန် ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် ဆရာ၊ ဆရာမ အများစု မပူးပေါင်း ၊ ပြည်သူအများစု လက်မခံ၍ အုပ်ချုပ်ရေးမှူးများက ခြိမ်း ခြောက်မှုများရှိပြီး သန်းခေါင်စာရင်းများ မှန်းဆထည့်သွင်း

Local News

လူဦးရေစာရင်း ကောက် ရန် ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် ဆရာ၊ ဆရာမ အများစု မပူးပေါင်း ၊ ပြည်သူအများစု လက်မခံ၍ အုပ်ချုပ်ရေးမှူးများက ခြိမ်း ခြောက်မှုများရှိပြီး သန်းခေါင်စာရင်းများ မှန်းဆထည့်သွင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူဦးရေစာရင်း ကောက် ရန် ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် ဆရာ၊ ဆရာမ အများစု မပူးပေါင်း ၊ ပြည်သူအများစု လက်မခံ၍ အုပ်ချုပ်ရေးမှူးများက ခြိမ်း ခြောက်မှုများရှိပြီး သန်းခေါင်စာရင်းများ မှန်းဆထည့်သွင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၁၀

“ရန်ကုန်တိုင်းအတွင်း မြို့တွေ့မှာရှိတဲ့ ရပ်ကွက် ပြည်သူတွေဆီကို အိမ် ထောင် စု စာရင်း လိုက်ကောက်ကြတယ် ကြက်ခြေနီ၊ မီးသတ် ၊ ဆရာ/ဆရာမတွေနဲ့ ပရဟိတ သမားတွေ ကို စေတနာဝန်ထမ်းတွေဆိုပြီး အမိန့်စာထုတ်ပြီး စကစ ခန့် ရာအိမ်မှူး၊ဆယ်အိမ်ခေါင်းတွေကို ဝန်းရံခိုင်းတယ်။ ဒါပေမယ့် အများစုက လာတဲ့သူမရှိတော့ အကြမ်းဖက်စကစခန့် ရာအိမ်မှူးတွေပဲ အိမ်ထောင် စုစာ ရင်း၊ ဧည့်စာရင်းတွေ ကိုင်ပြီး သူတို့အဆင်ပြေလောက်တဲ့ အိမ်တွေ လောက်ပဲ ဝင်ပြီ ပြန်သွားကြတယ်။ သူတို့ လုပ်တာ မအောင် မြင်ဘူးဆိုတာ ပြောလို့ ရပါ တယ်။ ဘယ်သူကမှ လက်မခံကြတာ။ ရပ်ကွက်အုပ်ချုပ်ရေးတွေက အိမ်ဌား တွေဆို ဧည့်စာရင်းတောင်းပြီး စာရင်းရေးသွားကြတယ်။ ကျနော်တို့ ပရဟိတ အသင်းတွေ ဝန်ထမ်းတွေ အားလုံးနဲ့ ပြည်သူကို ရန်တိုက်ပေးတာ လက်မခံ ကြဘူး။ စာရင်းထည့်ထားတဲ့ စေတနာဝန်ထမ်းတွေ ဆရာ/ဆရာမတွေ မလာ ကြတော့ တိုင်ပတ်သွားကြတယ်။ လိုက်ကောက်တဲ့ အိမ်ထောင်စု စာရင်းတွေ က ရာအိမ်မှူးနဲ့စကစခန့် အုပ်ကြီးတွေက လုပ်လာပြီးသား။ စာရင်းဇယား တွေ က တော့ ဟန်ပြသက်သက်ပဲ” ဟု ရန်ကုန်အခြေစိုက် ပရဟိတ အသင်း ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံရန်နှင့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုများကို အချက်အလက်အမှားများ ပေးရန် ကြေညာထားသဖြင့် ပြည်သူများက အချက်အလက် အမှား ပေးကြကြောင်း သိရှိရသည်။
“မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်၊ မြို့သစ် ၁ လမ်းမှာ လမ်းလူကြီး တင်ဝင်း၊ နောက် တစ်ဦးက အေးမြင့်သောင်း၊ မြို့သစ်ကလူကြီးသက်နိုင်၊ မြင့်စိုး၊ မြို့သစ် ၂ လမ်းက မြတ်ထူးတို့ ခေါင်ဆောင်ပြီး လူဦးရေစာရင်းကောက်တယ်။ ကျနော် တို့တော့ ပေါက်ကရတွေ ပြောလိုက်တယ်။ အကို နိုင်ငံခြား သွားနေတာ ကိုလည်း သေပြီပြောထားတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်တွင် ကျောင်းဆရာ၊ ဆရာမတချို့က စေတနာ့ ဝန်ထမ်း အဖြစ် လူဦးရေစာရင်းကောက်ယူရာတွင် ပါဝင်ကြသော်လည်း မြို့နယ် အများစုတွင် စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ရန် ဖိတ်ခေါ်ကြသူများ မလာရောက်သဖြင့် တစ်အိမ် တက်ဆင်း မဟုတ်တော့ဘဲ ရပ်ကွက်ထိပ်တွင် လမ်းပိတ်၍ လာရောက်စာရင်းပေးသွင်းသူကိုသာ စာရင်းမှတ်ကြကြောင်း သိရှိရသည်။

“ရပ်ကွက်လူကြီးတွေကလည်း ကြောက်တော့ လမ်းထိပ်မှာ ခုံလေးချထားတယ်။ ပေးချင်တဲ့ သူ လာပေး။ မပေးလည်း အတင်း အကျပ် မလုပ်ရဲဘူး။ လှိုင် သာယာ မှာ လူမိုက်တွေနဲ့ လူဦးရေစာရင်းကောက်တာ ဖုန်းနံပါတ် တောင်း တယ်။ မပေးရင် ရဲခေါ်မယ် စစ်တပ်ခေါ်မယ်နဲ့ ခြိမ်းခြောက်မှု တွေ လည်း ဖြစ်သွားတယ်။ ဒါပေမယ့် အများစုသော ပြည်သူတွေ စာရင်း ကောက် တဲ့ အချိန် အိမ်တွေမှာ မရှိကြဘူး။ အလုပ်သွားကြတော့ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့တွေလည်း မတတ်နိုင်ကြဘူး။ ညဘက်လည်း သူတို့ မသွားရဲတော့ စာရင်း တွေ မှန်းထည့်တာမျိုးလုပ်ကြတယ်” ဟု လှိုင်သာယာမှ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးက ဆိုသည်။

အင်းစိန်မြို့နယ် ကမ်းနားရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်​ရေးမှူး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီး၊ ရာအိမ်မှူး​ဟောင်းပွဲစားမြင့်သိန်း၊ ထောင်ထွက် လူမိုက်​ ကျော်ဝင်းစိန်နှင့်ကျင်ဟုတ်တို့က စစ်ကောင်စီအလိုကျ လူဦးရေ စာရင်း ပေးရန် နှင့် မပေးသည့်အိမ်များကို တစ်မိသားစုလုံးthet ပစ်မည် ခြိမ်းခြောက် နေကြောင်း အင်းစိန်ကမ်းနားရပ်ကွက်သူရပ်ကွက်သားများက ပြောသည်။

စစ်ကောင်စီက ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လူဦးရေစာရင်းများ ကောက်ယူမည်ဟု ကြေညာထားပြီး အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။