ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်း

Astrology
ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်း

ခန္ဓာပျက်ကိန်း ရှိမရှိကို တွက်ချက်လိုလျှင်
ရောဂါဖြစ်သူ၏ အသက်ကို တည်ကိန်းပြု၍ ယင်းပုဂ္ဂိုလ်၏ မွေးနံ ဂြိုဟ်သက်ကို ပေါင်းထည့်ပြီး
၃-ဂဏန်းနှင့်မြှောက်ကာ ၉-ဂဏန်းနှင့်စားရသည်။
ယင်းကဲ့သို့ စားပြီးနောက် ၆-ဂဏန်းဖြစ်စေ၊
(၀) သုညဖြစ်စေ ကြွင်းခဲ့လျှင် ခန္ဓာပျက်ကိန်းကြုံသူဟု သတ်မှတ်ရပါမည်။

ထို့ကြောင့် ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်းကို ရှေးပညာရှင်တို့က အောက်ပါအတိုင်း လင်္ကာစီကုံး ရေးသားထားခဲ့သည်။

“” ခန္ဓာပျက်ကိန်း တွက်နည်းလင်္ကာ””

၁။အာယုဒီဃံ၊မသွေမှန်၊ဇီဝဂြိုဟ်နံနှော။
၂။တြိသုံးတန်၊မြှောက်တုံပြန်၊ကိုးတန်းဘုဉ္ဇကော။
၃။ဆနှင့်သုညာ၊ကြွင်းသောခါ၊ခန္ဓာပျက်မည်ဟော။

မကျန်းမာသော သုတစ်ယောက် ခန္ဓာပျက် ကိန်း စသည်နှင့် ကြုံကြိုက်နေခဲ့လျှင် ဗုဒ္ဓယတြာ စသော ယတြာနည်း ပြုလုပ်ပေးရပါမည်။

ဗုဒ္ဓယတြာနည်း

ဗုဒ္ဓယတြာနည်းဆိုသည်မှာ ၇-ရက်သာ အသက်ရှင်ရမည့် ဒီဃာယု သတို့သားအား သံဃာ တော်များနှင့် ဘုရားရှင်တော်တို့က ပရိတ်တရား တော်ကို ရွတ်ဖတ်ပေးတော်မူကြ၍ အသက်မthayဘဲ အသက် ၁၂၀-ထိ နေရသည့် အလားတူရောဂါ ပျောက် ၍ အသက်ရှင်စေရန် ပရိတ်တရားတော်ကို ရွတ်ဆို ကြားနာစေခြင်းကိုလည်းကောင်း၊

မြတ်စွာဘုရားရှင်၏ လက်ယာရံ၊လက်ဝဲရဲ များဖြစ်ကြသည့် အရှင်မဟာကဿပ, အရှင်မဟာ မောဂ္ဂလာန်တို့ မကျန်းမာသည့်အခါ ဘုရားရှင် ကိုယ် တော်တိုင် ကြွရောက်၍ ဟောကြားသည့် ဗောဇ္စျင်သုတ် ကို ရွတ်ဆို ကြားနာစေခြင်းကိုလည်းကောင်း၊

ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် မကျန်းမာသည့်အခါ အရှင်စုန္ဒမထေရ် ရွတ်ဆို လျှောက်ထားသည့် ဗောဇ္စျင် သုတ်ကို ရွတ်ဆို ကြားနာစေခြင်ကိုသော်လည်းကောင်း ပြုလုပ်သင်ပေသည်။

ထို့အပြင်….အောက်ပါ သစ္စာစကားကိုလည်း ဆိုသင့်ပေသည်။
“အရှင်စုန္ဒမထေရ် ရွတ်ဆို လျှောက်ထားအပ်သော ဗောဇ္စျင်သုတ်ကို ကြားနာရသောကြောင့် မြတ်စွာဘုရား ရှင်၏ သဏ္ဍာန်တော်၌ ဖြစ်ပေါ်ကျရောက်သော ရောဂါ ဝေဒနာတို့သည် ကင်းစင်ပပျောက်ခဲ့ဖူးကုန်၏။

ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊
ဤဗုဒ္ဓ ဗောဇ္စျင်သုတ်၏ တန်ခိုးတေဇော် အာနုဘော် တော် ကြောင့်လည်းကောင်း
ဦး……..သို့မဟုတ် ဒေါ်……….၏ သဏ္ဍာန်၌ ဖြစ်ပေါ် ကျရောက်နေသော ရောဂါဝေဒနာ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျောကျဘိသကဲ့ သို့ ကင်းစင်ပပျောက်ပါစေသတည်း၊
ကင်းစင် ပပျောက်ပါ စေသော်၊ ကင်းစင် ပပျောက် ပါစေသား ဟု သစ္စာဆို ဆုတောင်းရမည်။

လောကီ ယတြာနည်း

နာဖျားမကျန်းရှိသူသည် ရောဂါကလည်း ပြင်းထန်၊ ခန္ဓာပျက်ကိန်းလည်း ကြုံကြိုက်နေပါက လောကီယတြာနည်းများကိုလည်း ပြုလုပ်ပေးသင့် သည်။

ဥပမာ-ညောင်ထောက်ခြင်း၊တံတားခင်းခြင်း၊တံတားအို၊ ကျောင်းအို၊ဇရပ်အိုတို့ကို ပြုပြင်ခြင်း၊ မကျန်းမမာသူ၏ အာယုအရပ်၌ မွေးနံပင်များ စိုက်ပျိုးခြင်း၊ မွေးနံတူဖြစ်သည့် သက်ရှိသတ္တဝါများကို ဘေးမဲ့လွှတ်ပေးခြင်း၊မွေးနံအသားကို မကျန်းမမာသူနှင့် တညထား၍ ဘုမ္မိအရပ်၌ မြှုပ်နှံသဂြိုဟ်ခြင်း၊ဆန်မှုန့်၊ဂျုံမှုန့်တို့ဖြင့် အရုပ်ပြုလုပ်၍ လူနာကိုယ်စား ဘုမ္မိအရပ်၌ မြှုပ်နှံခြင်း စသော ယတြာတို့ကိုလည်း ပြုလုပ်ပေးသင့်သည်။

ညောင်ထောက်ခြင်း

ညောင်ထောက်ခြင်းဆိုသည်မှာ ဗောဓိညောင်ပင်၏ အောက်သို့ နိမ့်ကျနေသော ညောင်ကိုင်းများကို ဝါးလုံးဖြင့် မကျန်းမမာသူ လူမမာ ကျန်းမာစေကြောင်း ဆုတောင်းလျှက် ထောက်ပေးရပါသည်။

တံတားခင်းခြင်း

လူသွားလမ်းပေါ်ရှိ မြောင်းငယ်များ ဖြတ်ကူးသော နေရာ၌
ဝါးဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ ဖြတ်ကူးတံတားပြုလုပ် လှူဒါန်းရပါသည်။ ယင်းသို့ လှူဒါန်းသည့်အခါ ဤကုသိုလ်ကြောင့် လူမမာ၌ ကျရောက်နေသော ရောဂါများ ပျောက်ကင်းပါစေသတည်း ဟု ဆုတောင်းရပါမည်။

အဆောက်အအုံဟောင်း ပြုပြင်ခြင်း

လူအများ နှင့် သက်ဆိုငိသော ဟောင်းနွမ်း ပျက်စီးစေသည့် တံတားအို၊ ဇရပ်အို ၊ကျောင်းအို၊ဘုရားအို တို့အား လူမမာကိုယ်စား ကျန်းမာစေကြောင်း ဆုတောင်း လျှက် တတ်စွမ်းနိုင်သမျှ ပြုပြင်ပေးရပါမည်။ ဟောင်းနွမ်းသော ကန်ကို တူးဖော်ခြင်း၊ ရေတွင်း ရေကန် ပြုပြင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။

အာယုအရပ်၌ မွေးနံပင်စိုက်ပျိုးခြင်း

တစ်ဦးတစ်ယောက်သောသူ ရောဂါကင်း၍ အသက်ရှင်စေလိုသော် လည်းကောင်း၊ ပြင်းထန်စွာ ရောဂါခံစားနေရသော် လည်းကောင်း ထိုသူ၏ မွေးနံ အရပ်မှ နှစ်ခုမြောက်ဖြစ်သော အာယုအရပ်၌ မွေးနံပင် ကို ဆုတောင်းမေတ္တာပို့လျှက် စိုက်ပျိုးပေးရပါသည်။
နောင်လည်း ဆုတောင်းလျက် ရေချမ်းများကိုလည်း သွန်းလောင်းပေးရပါသည်။

စိုက်ပျိုးပုံ နည်းစနစ်က

(၁) တနင်္ဂနွေသား သမီးဖြစ်လျှင် အရှေ့အရပ်၌
အုန်းပင်ကို စိုက်ပျိုးရ၏။

(၂)တနင်္လာ သား သမီးဖြစ်လျှင် အရှေ့တောင်ထောင့်
အရပ်၌ ကံ့ကော်ပင် စိုက်ပျိုးရ၏။

(၃)အင်္ဂါသား သမီးဖြစ်လျှင် တောင်အရပ်၌ စကားစိမ်း
ပင်ကို စိုက်ပျိုးရ၏။

(၄)ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် အနောက်တောင်ထောင့်
အရပ်၌ ဝါးပင် စိုက်ပျိုးရ၏။

(၅)ကြာသပတေးသား သမီးဖြစ်လျှင်အနောက်မြောက်
ထောင့်အရပ်၌ သပြေပင် စိုက်ပျိုးရ၏။

(၆)သောကြာသား သမီးဖြစ်လျှင်အရှေ့မြောက်ထောင့်
အရပ်၌ သီးပင် စိုက်ပျိုးရ၏။

(၇)စနေသား သမီးဖြစ်လျှင် အနောက်အရပ်၌ ထန်းပင်၊ သို့မဟုတ် တည်ပင် စိုက်ပျိုးရ၏။

(၈)ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း၌ မွေးဖွားသော ရာဟု သား
သမီးဖြစ်လျှင် မြောက်အရပ်၌ ရှားပင် စိုက်ပျိုးရ၏။

မှတ်ချက်

အထက်ပါ နေ့နံအလိုက် သစ်ပင်များကို စိုက်ပျိုးရာ၌ သက်ရှိအရင်း ၊သက်မဲ့ အဖျား ဆိုသည့် အတိုင်း သစ်ပင်အမည်၏ အဖျားနာမ်ကိုသာ နံသင့် အဖြစ် ကောက်ယူရမည်။

ဥပမာ.
စံပယ်ပင်ဆိုလျှင် “စကိုမယူ၊ “ ပယ် ကိုယူ၍ ကြာသပတေးနံဟု မှတ်ယူရမည်။

ဘေးမဲ့လွှတ် ယတြာချေရာ၌

တစ်ဦးတစ်ယောက်သောသူ မကျန်းမာလျှင် ကျန်းမာလာစေရန် ယတြာချေသည့်အနေဖြင့် မကျန်းမာသူ၏ မွေးနံဖြစ်သော သက်ရှိသတ္တဝါ တစ်ကောင်ကိုဖြစ်စေ၊ လွယ်ကူသော သတ္တဝါဖြစ်လျှင် မကျန်းမာသူ၏ သက်စေ့အရေအတွက်ကို ဖြစ်စေ ကျန်း မာ စေကြောင်း ဆုတောင်း၍ ဘေးမဲ့လွှတ်ပေး ရသည်။

နေ့နံသင့် သက်ရှိသတ္တဝါများ

(၁)တနင်္ဂနွေသား သမီးဖြစ်လျှင် ဥသြငှက် သို့မဟုတ်
တနင်္ဂနွေနံဖြစ်သော သတ္တဝါတစ်မျိုးမျိုးကို လွှတ်
ပေးသင့်၏။

(၂)တနင်္လာသား သမီးဖြစ်လျှင် ကြက်ကိုဖြစ်စေ၊ငါးကို
ဖြစ်စေ လွှတ်ပေးသင့်၏။

(၃)အင်္ဂါသား သမီးဖြစ်လျှင် စာကလေးကိုလွှတ်သင့် သည်။

(၄)ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် လင်းယုန် သို့မဟုတ် ယုန်ကို လွှတ်ပေးသင့်၏။

(၅)ကြာသပတေးသား သမီးဖြစ်လျှင် ဖားကိုဖြစ်စေ၊
ဘဲကိုဖြစ်စေ လွှတ်ပေးသင့်၏။

(၆)သောကြာသား သမီးဖြစ်လျှင်ဟင်္သာငှက်ကိုဖြစ်စေ၊
သိန်းငှက်ကိုဖြစ်စေ လွှတ်ပေးသင့်၏။

(၇)စနေသား သမီးဖြသ်လျှင် ဒီးဒုတ်ငှက်ကို လွှတ်ပေး သင့်၏။

(၈)ရာဟုသား သမီးဖြစ်လျှင် ယုန်ကို ဘေးမဲ့လွှတ်ပေးသင့်၏။ သို့မဟုတ် ဇရက်ကို ဘေးမဲ့လွှတ်ပေးသင့်၏။

မွေးနံသား

ခန္ဓာပျက်ကိန်း စသည်နှင့်ကြုံကြိုက်ခိုက် လွန်မင်းစွာ မကျန်းမမာဖြစ်လျှင် ထိုသူ၏ နေ့နံသင့်ဖြစ် သော သစ်သားကို ကိုယ်နှင့်တိုင်းဖြတ်၍ ချည်ထားခြင်း၊ အဖျားပိုင်း၌ ဆံပင်ကိုဖြတ်၍ ချည်ထားခြင်း။ အရင်းပိုင်း၌ ခြေသည်းကိုဖြတ်၍ ထုတ် ဆွဲထားခြင်း၊ အထက်ပိုင်း၌ လက်သည်းကိုဖြတ် ၍ ထုပ်ဆွဲထားခြင်း၊ မကျန်းမာသူ၏ လုံချည်စ,အင်္ကျီစများကို ဆိုင်ရာအပိုင်း၌ ဝတ်ဆင်ရသကဲ့သို့ ရစ်ပတ်ထားခြင်း ကို ပြုလုပ်ပြီးနောက် မကျန်းမာသူ၏ အိပ်ရာဘေး၌ တစ်ညတာမျှ ယှဉ်တွဲထား၍ နောက်တစ်နေ့ မွန်းလွဲချိန် ၌ မကျန်းမာသူ၏ ဘုမ္မိအရပ်၌ မြေမြှုပ်သဂြိုဟ်ပစ်ရ မည်။

မွေးနံသား

(၁)တနင်္ဂနွေသား သမီးအတွက် ..အုန်းလက်။
(၂)တနင်္လာသား သမီးအတွက်…ကံ့ကော်။
(၃)အင်္ဂါသား သမီးအတွက်…ညောင်သား။
(၄)ဗုဒ္ဓဟူးသား သမီးအတွက်…ဝါး။
(၅)ကြာသပတေးသား သမီးအတွက်…..ယင်းမာ။
(၆)သောကြာသား သမီးအတွက်…သီးသား။
(၇)စနေသား သမီးအတွက် ..ထန်းလက်၊ဓနီးလက်။
(၈)ရာဟုသား သမီးအတွက်..ရှားသား။

လက်ရှိ ရောက်နေတဲ့ အသက်နဲ့ မွေးနံ ဂြိုဟ်သက် ပေါင်းပါ
ရလာတဲ့ရလာဒ်ကို သုံးနှင့်မြှောက်ပြီး ကိုးနဲ့စားပါ

၀ သို့မဟုတ် ၆ ကြွင်းမှ
ကျန်းမာရေးညံ့နေသူ ကျန်းမာရေး အသည်းအသန်ဖြစ်နေသူ သတိထားရပါမည်။
ကျန်းမာရေး ကောင်းနေသူဖြစ်ပါက ရုတ်တရက်ဖြစ်တတ်သော ကျန်းမာရေး သတိထားရပါမည်။

နောက်ဆက်တွဲမှတ်ချက်

အကြွင်းကား သုံးမျိုးသာ ရှိပါသည်။
၀ သုညကြွင်း
၃ ကြွင်း
၆ ကြွင်း
အဲဒါကြောင့် မစိုးရိမ်စေလိုပါ။အဆိုးက များနေပါသည်။

ရေးသားသူ – ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။