စမကြီးလေးလုံးဂါထာကို ပုတီးစိပ်ရခြင်း

Astrology
စမကြီးလေးလုံးဂါထာကို ပုတီးစိပ်ရခြင်း

တစ်နေ့တွင် ဦးသူတော်သည် ကျွန်ုပ်အား ခေါ်၍ အပေါင်ဆုံးပစ္စည်းများဝယ်ရန် နေရာကိုပြ၏။ သူသည် အပေါင်ဆုံးပစ္စည်းများ ရောင်းမည့်နေရာကို သွား၍စုံစမ်း၏။ လေလံပစ် နေရာကိုလည်း ပြ၏။ ရောင်းမည့်နေ့ရက်ကိုလည်း စုံစမ်း၏။ ထို့နောက် သွားရောက်၍ ဝယ်ယူလေ၏။ ဝယ်ယူပြီးပစ္စည်းများကိုလည်း တန်ဘိုးများနှင့်တကွ စာရင်းမှတ်လေ၏။

ထို့နောက် သူ၏ အိမ်နီးချင်းကောင်လေး နှစ်ယောက်နှင့်တကွ ကျွန်ုပ်ကိုပါခေါ်၍ သံလျင် သို့ သွားကာ ဈေးအနီး မြေကွက်တစ်ခုတွင် မောင်းထု၍ ပစ္စည်းများကို ရောင်းချလေတော့၏။ ထိုသို့ ရောင်းချရာတွင် ကျွန်ုပ်က သံဖြူဖြင့် လုပ်ထားသော အော်လံဖြင့် အော်ဟစ်ကာ ဈေးခေါ် ရလေ၏။ ရယ်စရာလေးများ ညှပ်၍ ပြောသောကြောင့် ပရိတ်သတ်က လွန်စွာ သဘောကျလေ၏။ ဦးသူတော်ကလည်း သဘောကျလေ၏။

ထို့ကြောင့် “မောင်အောင်ထွန်း မင်းမဆိုးဘူးကွ၊ ဒီအလုပ်နဲ့ လမိုင်းကပ်တယ်။ ဒီတော့ ဒီလိုလုပ်ကွာ မင်းလည်း ကူပြီးရောင်းပေး။ မင်းကိုလည်း နေ့တွက်ပေးမယ်ကွာ။ မင်းက ငါနဲ့ခွဲပြီး မလုပ်နဲ့။ မင်းမှာ ရှိတဲ့ ပိုက်ဆံကို ငါ့အထဲကို ထည့်လိုက်။ မင်းနဲ့ငါနဲ့ စပ်တူပေါ့ကွာ။ အမြတ် ကို ညီတူညီမျှ ခွဲပေးမယ်။”

ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်တွင်ရှိသော ငွေများကို ဦးသူတော်၏ လုပ်ငန်းတွင် ရှယ်ယာထည့်လိုက်လေ၏။ ဦးသူတော် ပစ္စည်းဝယ်ရာ တွင်လည်း ကျွန်ုပ်လိုက်ပါရ၏။ ရောင်းချရာတွင်လည်း လိုက်ပါရလေ၏။ တစ်ခါ နှစ်ခါ ရောင်းချ ပြီးသောအခါ၌ အတော်အတန် မြတ်စွန်းနေသည်ကို တွေ့ရလေ၏။

သန်လျင်သို့ ရောက်သောအခါ၌ ဦးသူတော်က “မောင်အောင်ထွန်းရေ ရောက်တုန်း ရောက်ခိုက် ကျိုက်ခေါက် ဘုရားလေး ဘာလေး သွားပြီး ဖူးပါလား။”
ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ဘုရားသွားဖူး ရလေတော့၏။ ဘုရားမှ ပြန်လာသောအခါ “မောင်အောင်ထွန်းရေ နောက် တစ်ခါ ကိုးရက် ပုတီးစိပ်ရမှာ က တော့ စ. ဓ. ဗ. ဝ ဂါထာပဲ’
“ဟောဒီမှာ”
ဟု ဆိုကာ (စ. ဓ. ဗ. ၀) ဂါထာနှင့် ဆုတောင်းအနက်ကိုပါ ကျွန်ုပ်၏ မှတ်စုစာအုပ်တွင် ရေးပေးလိုက်လေတော့၏။

“ စမကြီးလေးလုံးဂါထာ ”
စက္ခုမာစရ မာစိဏ္ဏော၊
ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလမရော၊
ရဒေါ ဒေတု မေဝရံ။

စက္ခုမာစရ မာစိဏ္ဏော၊ အသယာ နုဘယ ဣန္ဒြိယ ပရော ပရိယတ္တိ ဟု ဆိုအပ် သော သဗ္ဗညုတဉာဏ် အမြင်တော် သန်လှသော သမန္တစက္ခုဘုရား ရွှေမျက်စိတော်မြတ် လောကဓါတ်လုံး သိမ့်သိမ့်ချုန်းမျှ ကြွင်းမဲ့ ဥဿုံ ဂုဏ် သမာဓိန္ဒြေ ဣန္ဒြေရင့်နုမြှော်ထောက်ရှုသဖြင့် အမှုတော်ကြီး ပြီးအောင်ဆောင်ရွက် နေ့မပျက်ပင် လေ့ကျင့်တော်မူထသော။ ဓမ္မညူ၊ ဉေယျဓမ္မ ငါးဌာနဖြင့် တစမကျန် ဘူသယံဖြင့် သူမဆန်နိုင်အောင်လည်း သိတော်မူထသော။ ဓမ္မသာမိကော၊ ပညတ် ပရမတ်၌ စပ်ကြောင်း ကျိုးတရားမျိုးဖြင့် အစိုးရသခင် ဘုရင်တဆူလည်း ဖြစ်တော်မူထသော။

ဗလူပေတော၊ ဌာန ဌာန ကောသလ္လစသော ဥာဏဗလ ဆယ်စုံနှင့် ပြည့်စုံလုံလောက်သဖြင့် ပါမောက်တဆူလည်း ဖြစ်တော်မူထသော။ ဗလမရော၊ ဆဒ္ဒန်ပေါက်ကြီး ဆယ်စီးစွမ်းအား ယောက်ကျားဗိုလ်ခြေ ကုဋေ တစ်သိန်း ရုံးပေါင်းမြားမြောင် အားတော်ကိုလည်း ဆောင်နိုင်တော်မူထသော ၀ရဒေါ လူ့ ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ရောက် ချီးမြှောက်သမှု ထိုက်လျောက်ပြုသဖြင့် အောင်ဆုကို အတန်တန် ပေးသနားတော်မူနိုင်ထသော။

ဗုဒ္ဓေါ သစ္စာ လေးတန် ဉေယျငါးဝ မြတ်ဓမ္မကို ပိုင်းခြား ထင်ထင်သိမြင်ထင်ရှား မြတ်ဘုရားသည် မေ၊ တပည့်တော်အား။ ဝရံ၊ ဣဋ္ဌကန္တ ဆန္ဒတရပ်ရပ် ဆုတော်မြတ်ကို။ ဒေတု၊ အောင်ကြောင်းဓိဌာန် အောင်ဆုပန်၍ လျင်မြန်ထုတ်ချောက် ကြံတိုင်း ပေါက်အောင် ချီးမြှောက် မစတော်မူပါ၊ ရွှေဘုန်း တော်သခင် အရှင်မြတ်ကြီး ဘုရား။

“အနက်ကတော့ ဆင်ခြင်ရုံပါပဲ။ အပေါ်ကဂါထာ ကတော့ ပုတီး ၉ ပါတ် စိပ်ရမယ်။ (၉)ရက် သက် သတ်လွတ်နဲ့ လုပ်ပေါ့ကွာ” ဟု မှာကြားလိုက်လေတော့သတည်း။

ရေးသားသူ –မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။