ငွေရေးကြေးရေးအဆင်ပြေစေသောကတ်ပြားလေး

Astrology
ငွေရေးကြေးရေးအဆင်ပြေစေသောကတ်ပြားလေး

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိန်းမကြီးသုံးယောက် ရောက်ရှိ လာလေ၏ ။ ထိုမိန်းမကြီး သုံးယောက်အနက် ခပ်သွက်သွက် မိန်းမကြီးတစ်ဦးက . . .

“ဆရာက ဗေဒင်မမေးရဘူးဆိုလို့ မမေးပါဘူး ။ ဒါပေမယ့် ကျွန်မတို့ရဲ့ အခက်အခဲကိုတော့ ပြောပြရမှာပေါ့ ။ ကျွန်မတို့က ငွေရေးကြေးရေးကိစ္စ သွားပြီးပြောမလို့ရှင့်။ အဲဒီလို သွားပြီး ပြောမယ်ဆိုတာကလည်း ကိုယ့်ဘက်က ရစရာရှိလို့မဟုတ်ဘူးနော်။ သွားပြီး အကူအညီတောင်းမယ့်သဘော ။ အဲဒါလေး အဆင်ပြေအောင် အဆောင်လေးပေးပါ ဆရာရယ်”ဟု ပြောလေ၏ ။

ထိုအခါ ကျွန်ုပ်က လောလောဆယ် ယူရလည်းလွယ်ကူ ၊ ဆောင်ရာ၌လည်း လွယ်လွယ်ကူကူ ဆောင်နိုင်သော အဆောင်တစ်ခုကို စဉ်းစားရလေ၏။ ထိုသို့ စဉ်းစားရာ၌ တားရော့ကို အဆောင်အဖြစ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

တားရော့တွင် တုတ်နံပါတ်(၅)သည် ငွေရေးကြေးရေး အောင်မြင်မှုအတွက် အဆောင်ကောင်းဖြစ်၏။ တားရော့ကတ်ပြားများသည် တစ်ခုနှင့်တစ်ခု သရုပ်ဖော်ရာ၌ မတူကြပေ။ မိမိ၏စနစ်နှင့်မိမိ သရုပ်ဖော်ခြင်းဖြစ်၏။ သို့ရာတွင် အဓိပ္ပာယ်နှင့် သဘော သွားမှာမူ အတူတူပင်ဖြစ်၏။

တားရော့တုတ်နံပါတ် (၅)အား အချို့က ကြယ်ပုံသဏ္ဌာန် တုတ်ငါးချောင်းစီထားပုံဖြင့် သရုပ်ဖော်၏။ အချို့က တုတ်ငါးချောင်း ထောင်ထားပုံဖြင့်သရုပ်ဖော်၏ ။ အချို့ တားရော့များက တုတ်ငါးချောင်းကို လူငါးယောက်က မ၍ တစ်စုံတစ်ခု ဆောက်လုပ်နေပုံနှင့် တင်စား၏ ။
ကျွန်ုပ်သည် တုတ်ငါးချောင်းကို လူငါးယောက်က စုပေါင်း၍ဆောက်လုပ်နေပုံကို ပို၍ သဘောကျ၏။

ထို့ကြောင့် . . .
“ဟုတ်ပါပြီ ။ အဒေါ်ကြီးကတော့ ငွေရေးကြေးရေးကိစ္စ သွားပြောချင်တဲ့ကိစ္စ အဆင်ပြေဖို့ အဆောင်လိုချင်တာ။ ကျန်တဲ့ နှစ်ယောက်ကကော”ဟု မေးလိုက်ရာ ထိုနှစ်ယောက်က . . .
“ထိုနည်းလည်းကောင်း”
ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏တားရော့ကတ် (သို့မဟုတ်) နိမိတ်ဖတ်ကတ်တွင်ပါသော တုတ်ငါးချောင်းသင်္ကေတကို ထိုအဒေါ်ကြီးများအား ပေးလိုက်လေ၏။

နောက်နှစ်ရက်ခန့်ကြာသောအခါတွင် ထိုအဒေါ်ကြီးသုံးယောက်သည် ကျွန်ုပ်ထံသို့ ရောက်လာကြပြန်၏။

“ကျွန်မတို့တော့ ဆရာ့အိမ်နားတောင် ပြောင်းပြီးလာနေချင်ပြီ ။ ဘာလေးဖြစ်ဖြစ် ဆရာ့အိမ်လာလိုက်ရင် ရှင်းသွားတာပဲ ။ ဆရာလုပ်ပေးတာလည်း လွယ်လွယ်ကူကူပဲ ။ ကျွန်မတူမလေး ကိစ္စတုန်းကလည်း ငါးမူးတန်ခဲတံနှစ်ချောင်းဝယ်ခိုင်းပြီး စားပွဲပေါ်မှာထောင်ခိုင်းလိုက်တာနဲ့ပဲ သူ့ကိစ္စအောင်မြင်သွားတယ် ။ လူဆိုတာ မကြာခဏ အကြောင်းကိစ္စပေါ်တာရှင့် ။ မသိရင်တော့ အခက်ကြီး ။ ဆရာတို့လို သိတော့လည်း ဘာလေးလုပ် လိုက်ဆိုတာနဲ့ ဖြစ်သွားတော့တာ ။ အဲဒါကြောင့် ကျွန်မဖြင့် ဆရာ့အိမ်နားပြောင်းလာပြီး အကြောင်းပေါ်တိုင်း လာပြီးခိုင်းချင်တော့တာပဲ”

ဟု ပြောလိုက်ရာ ကျန်သောအဒေါ်ကြီးနှစ်ဦးကလည်း ငါးသုံးလုံးစီးကရက်ဘူးများ ၊ လက်ဆောင်ပစ္စည်းများကို ကျွန်ုပ်အားပေး၍ . . .
“ကျွန်မတို့လည်း ဒေါ်အေးပြောတဲ့အတိုင်းပဲ ။ ထိုနည်း လည်းကောင်းပေါ့ ဆရာရယ်”ဟု ပြောကြလေ၏ ။

ထိုအခါ ကျွန်ုပ်က . . . “ပြောင်းမလာနဲ့တော့ဗျို့။ ကျုပ် ဒီမှာနေဖို့က ရက်ပေါင်း ၁၄ဝ ပဲ ရှိတော့တယ် ။ အကြောင်းကိစ္စရှိရင် ကျောက်မြောင်း ၊ ကျောက်ရေတွင်းလမ်းထဲမှာ ကျွန်တော့်ညီ ဦးဝင်းဇော် ရှိပါတယ် ။ ကျွန်တော့်ဧကံသတပည့်တွေလည်း ရှိပါတယ် ။ ရောင်ပြန် မဂ္ဂဇင်းထဲမှာ လိပ်စာတွေပါပါတယ်”ဟု ပြောလိုက်ရာ ထိုဒေါ်အေးဆိုသော အဒေါ်ကြီးက –
“ဟင်း..ဆရာကလည်း လုပ်ပြီ ။ ခိုင်းမှ မခိုင်းရသေးဘူး ဂန္ဓာရီဆိုပြီး ထွက်ပြေးပြီကိုး”ဟု ပြောလိုက်ရာ ကျန်သော အဒေါ်ကြီးနှစ်ဦးနှင့်အတူ ကျွန်ုပ်ပါရော၍ ရယ်လိုက်ရလေတော့သတည်း ။

ရေးသားသူ –မင်းသိင်္ခ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။