လှည်းကူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အား မဲမသမာမှုများရှိသည်ဟုဆိုကာ ဆန္ဒပြမှုများ ဖြစ်ပွား

Local News

လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဘက်လိုက်မှုများ၊ မဲမသမာမှုများရှိသည်ဟုဆိုကာ ဖောင်ကြီးပေတရာမဲရုံ သုံးခုတွင် ဆန္ဒမဲပေးခဲ့သူဆိုသူများက နိုဝင်ဘာ ၁၀ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်မှုကို လှည်းကူးမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် နိုဝင်ဘာ ၁ဝရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဖောင်ကြီးပေတရာမဲရုံ မဲရုံအမှတ် () () () များတွင် ဆန္ဒပေးခဲ့သူများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ လူအင်အား ၅၀ ခန့်ပါဝင်ကြောင်း ဆန္ဒဖော်ထုတ်သူများ၏ ပြောကြားချက်အရ သိရသည်။

ကျွန်တော်တို့ ကျေးရွာအုပ်စုမှာရှိနေတဲ့ ပြည်သူများသည် ဆန္ဒမဲပေးပိုင်ခွင့်မရရှိဘဲနဲ့ လုံးဝမသိရှိသော အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာတယ်လို့ သိရှိရသူများက မဲတွေကို ဝင်ရောက်ပေးသွားတာမျိုးတွေရှိနေပါတယ်။ ကြိုတင်မဲများသည်လည်း မှန်ကန်မှုမရှိတာတွေ တွေ့ရှိနေရပါတယ်။ မဲပုံးတွေကြိုးပျက်နေတာကိုလည်း တွေ့ရှိရပါတယ်။ကြိုတင်မဲပေးပြီးသားသူတွေကလည်း မဲကဒ်ကိုထပ်ပေးပြီးတော့ မဲထပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒါကြောင့် ကော်မရှင်သည် ဘက်လိုက်မှုရှိတယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ဆန္ဒပြသူများအနေဖြင့်တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ UEC အဖွဲ့ နုတ်ထွက်ပေးရေး ဒို့အရေး၊ ဘက်လို်က်တဲ့ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ် အလိုမရှိစသည့် ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှတစ်ဆင့် အမြန်ဆုံး ဆောင်ရွက်ကျင်းပပေးရန် တောင်းဆိုထားကြောင်း ဆန္ဒဖော်ထုတ်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အောက်တိုဘာ ၂၉ရက်နေ့ ကြိုတင်မဲများ ကောက်ခံသည့်အချိန်မှ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်အထိ နေ့စဉ် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အထိ တိုင်ကြားထားမှုများရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများ၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ ဆက်သွယ်မေးမြန်းရာ ဆန္ဒဖော်ထုတ်မှု ရှိခဲ့သည်မှာ မှန်ကန်သော်လည်း အသေးစိတ်သိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply