အပြီးတိုင် နှုတ်ပိတ်ဖို့ကြိုးစားတာပါ ဆိုတဲ့ Myanmar Now အယ်ဒီတာချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း

Local News

ပြီးခဲ့သည်၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အယ်ဒီတာချုပ် ဦးဆွေဝင်း၏ ခရီးစဉ်တခုအတွင်း သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းသိရှိထားမှုများအား Myanmar Now သတင်းဌာန အနေဖြင့် ယနေ့ မနက်ပိုင်းတွင် ထုတ် ပြန် ကြေညာခဲ့သည်။

ခရီးစဉ်တွင် ဦးဆွေဝင်း မိသားစုနှင့် မိတ်ဆွေတဦး၏ မိသားစုတို့ လိုက်ပါခဲ့ကာ၊ ငှားရမ်းထားသည့်ကားဖြင့် ဂွမြို့နယ်၊ ဇီးခုံ ကမ်းခြေရှိ တည်းခိုခန်းတခုမှ သံတွဲသို့ ပြန်လည် မောင်းနှင်လာစဉ် ဂွမြို့နယ်နှင့်ကျိန္တလီမြို့နယ်အကြား၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဦးဆွေဝင်း၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရ သည်။

ယင်းသို့ ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က ကျောက်မိုင်းခွဲရာမှ ကျောက်စ လွှင့်စင် ထိမှန်ခဲ့ခြင်းဖြစ် ကြောင်းသာ ပြောဆိုခဲ့သည် ဟုလည်း Myanmar Now က ဖော်ပြထားသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုအား တနှစ်နီးပါး အကြာမှသာ သတင်းဌာနအနေဖြင့် တရားဝင် ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ဦးဆွေဝင်းအား ဧရာဝတီသတင်းဌာနမှ သတင်း ထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ကိစ္စကို တနှစ်ခန့်ကြာတဲ့ အချိန်မှ သတင်း ထုတ်ပြန်လာတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ပထမ တချက်ကတော့ သတင်းသမားက သတင်းထဲမှာ ပါတာကို ကျနော် တော်တော်စိတ်ထဲမှာ မသက်မသာ ဖြစ် တယ်။ ဒါကြောင့်မို့လို့ ဘာမှ မပြောဘဲ နေခဲ့တာ။ နောက်ပြီး လက်တွေ့ကျတဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။ ကျနော့်ရဲ့ ပြောဆိုမှုတွေကြောင့် တရားဝင် အာဏာပိုင်တွေရဲ့ စုံစမ်းလေ့လာတာတွေကို အနှောင့်အယှက် မဖြစ်စေချင် ဘူး။ ဒါကြောင့် ဖြစ်တဲ့အချိန်ကနေ အခုအချိန်ထိ ဘာကိုမှ တရားဝင် ကျနော် မပြောခဲ့ပါဘူး။

နောက်ပြီး ကျနော် ကိုယ်တိုင်လည်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို လွန်ခဲ့တဲ့ လပေါင်းများစွာအတွင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်း နေခဲ့ပါတယ်။ အခုတော့ အာဏာပိုင်တွေဘက်ကလည်း တရားဝင် ဘာမှ ထုတ်ပြန်တာ မရှိဘူး။ ကျနော် စုံစမ်းတဲ့အပိုင်း လည်း ခရီးလမ်းဆုံးနေပြီ။ ဒါကြောင့် ထုတ်ပြောတာပါ။ တခြား သတင်းသမားတွေလည်း ဒီအခြေအနေကို သိသင့်သိထိုက် တယ် ထင်လို့လည်း ပါ ပါတယ်။

မေး။ ။ ဒီထုတ်ပြန်ချက်ဟာ နှင်ဆီးပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အကြောင်း စုံစမ်းဖော်ထုတ်အပြီးမှာ အခုလို ဒီသတင်းကို ထုတ်ပြန်လာတာဆို တော့ တိုက်ဆိုင်မှုလား။ ဆက်စပ်မှုတွေ ရှိနေလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ Myanmar Now ရဲ့ထုတ်ပြန်ချက်အရ ကိုဆွေဝင်းရဲ့ သွားလာလှုပ်ရှားမှုကို တပ်မတော် စရဖ နဲ့ ရဲဘက်က စောင့်ကြည့် သတင်းရယူပြီး နောက်ပိုင်း ပစ်ခတ်မှု ဖြစ်တာဆိုတော့ ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ။

ဖြေ။ ။ ကျနော်က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကိုပဲ ပြောတာပါ။ ဒါတွေဟာ တခုနဲ့တခု ဆက်စပ်မှု ရှိ မရှိ ကာယကံရှင်တွေ ပဲ သိနိုင်မှာပါ။ သေချာတာကတော့ သံတွဲခရိုင် ထွေ/အုပ် အရာရှိကို ရဲတပ်ဖွဲ့က ပြောတဲ့ ကျနော် အဲဒီ ဒေသမှာ ရောက်နေ တာ သူတို့ မသိဘူးဆိုတဲ့ အချက်နဲ့ ကျနော် တည်းခိုတဲ့ တည်းခိုခန်းပိုင်ရှင်ကို အာဏာပိုင်တွေက ကြိုတင် သတင်းယူထား တယ် ဆိုတဲ့ အချက်ဟာ ရှေ့နောက် မညီ ဖြစ်နေတယ်။ ဒီလို ရှေ့နောက်မညီတဲ့ ကိစ္စကိုလည်း ကျနော်ကိုယ်တိုင် သံတွဲ ခရိုင် ထွေ/အုပ် အရာရှိကို ရှင်းပြခဲ့ပါတယ်။

မေး။ ။ ကိုယ်တိုင်အနေနဲ့ ဒီပစ်ခတ်ခံရမှု ဖြစ်စဉ်ကို ဘယ်လို ထင်မြင်သုံးသပ်မိသလဲ။

ဖြေ။ ။ ကျနော့်ကို မတော်တဆမှု ဖြစ်တယ်ဆိုတဲ့ ပုံစံနဲ့ လူမသိသူမသိတဲ့ နေရာ တနေရာမှာ အပြီးတိုင် နှုတ်ပိတ်ဖို့ ကြံ စည်တာပါပဲ။ ကျည်ဆန်က လက်မဝက်လောက်သာ လွဲခဲ့ရင် ကျနော် ပွဲခြင်းပြီးပါတယ်။ ပစ်တာက အနားကပ်ပစ်တာမျိုး ပါ။ တကားလုံး မိုးကြိုးပစ်သလို တုန်ခါသွားတယ်။ ကောင်းကင်ယံက ဥက္ကာခဲတုံးကြီး ကားပေါ်ကို ပြုတ်ကျသလားဆိုပြီး ကျနော်က ကားအမိုးတွေ မှန်တွေကို လိုက်ကြည့်နေတယ်။

အဲဒီအချိန်မှာ ကျနော်ထိုင်တဲ့ ဘယ်ဖက်ကားတံခါးမှာ လက်မ ရာလောက် အပေါက်ကို မြင်လည်းမြင်လိုက်ရော အံ့အား သင့်သွားတယ်။ ကားကို ရိုက်ခတ်တဲ့အသံက ဧရာမ အသံကြီး အပေါက်က သေးသေးလေးဆိုတော့ ကျည်ဆန် ဆိုပြီး ကျနော်က ထအော်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျနော့်ခြေထောက်က သွေးတွေ ထွက်နေတဲ့ ဒဏ်ရာကို တွေ့လိုက်တယ်။

မေး။ ။ ကိုယ်တိုင်နဲ့ မိသားစု လုံခြုံရေးအတွက် ဘယ်လို သတိထားနေရလဲ။ စိုးရိမ်ရတဲ့ အခြေအနေတရပ်ကို ကြုံနေရတာ လား။

ဖြေ။ ။ မိသားစုကတော့ အခုချိန်အထိ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ရနေတာပေါ့။ ဖြစ်တုန်းက အနားမှာ ၄ နှစ်အရွယ် ကျနော့် သမီးလည်း ရှိတော့ သူအခုချိန်အထိ အသံကျယ်ကျယ်လောင်လောင်ဆို သေနတ်ပစ်တယ်ဆိုပြီး ကြောက်နေတယ်ပေါ့။

မေး။ ။ အခုလို သတင်းသမားတွေအပေါ် ပစ်မှတ်ထား စောင့်ကြည့်တာတွေ။ ခြိမ်းခြောက်ခံရတာ၊ လုပ်ကြံခံရတာတွေနဲ့ ပတ်သက်လို့ ကိုဆွေဝင်းအနေနဲ့ ဘယ်လိုယူဆပါသလဲ။

ဖြေ။ ။ သမရိုးကျ နေ့စဉ် အဖြစ်အပျက်တွေ၊ ထုတ်ပြန်ချက်တွေကို သတင်းရေးနေရင် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် မြန်မာပြည်လို ဥပဒေ မစိုးမိုးသေးတဲ့ နိုင်ငံမှာ မဟုတ်တာ မမှန်တာတွေကို ထုတ်ဖော် ရေးသားနေရင်တော့ အန္တရာယ်က တော့ တနေ့မဟုတ်တနေ့ ကျရောက်လာမှာပဲလို့ မျှော်လင့်ပြီးသားပါ။ ဒါကိုလည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖို့ အားမွေးထား ရပါတယ်။

အခုလို မလုံမခြုံ အဖြစ်တွေ ကျော်လွှားဖို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေ မြင့်မားတဲ့ လူ့အဖွဲ့အစည်းကို ရရှိဖို့ လိုအပ်ပါတယ်။ အခုလို ကိုယ်တိုင် အပစ်ခံရတော့ စစ်ပွဲတွေရဲ့ ဒုက္ခဆိုးကျိုးကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ရတဲ့အတွက် သတင်းလုပ်ငန်းမှာတော့ အများကြီး အကျိုးကျေးဇူး ရှိပါတယ်။

မေး။ ။ ကိုဆွေဝင်းအနေနဲ့ သတင်းပညာရပ်နဲ့ ပတ်သက်ပြီး ဘယ်လို ခံယူထားပါသလဲ။

ဖြေ။ ။ သတင်းပညာရပ် ဆိုတာ ပြည်သူတွေ သိချင်တဲ့၊ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို ရှုထောင့်ပေါင်းစုံကနေပြီး အမှန် အတိုင်းသိအောင် လုပ်ဆောင်ပေးတဲ့ သိပ္ပံဆိုင်ရာ ပညာရပ် တခုပါပဲ။ မှန်ကန်မှုကလွဲ၍ ဘယ်သူ့ကိုမှ သစ္စာခံစရာ မလိုတဲ့ ပညာရပ် တမျိုးပါ။ လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးရေးတဲ့ သတင်းသမားရော၊ သတင်း စားသုံးသူတွေမှာရော ခံယူပုံ တုံ့ပြန်ပုံ အမျိုးမျိုး ရှိပါမယ်။ လူသားတွေမို့လို့ ဒီလို အမျိုးမျိုး ခံစားချက်တွေ ရှိပါမယ်။

ကျနော်တို့အတွက် အရေးကြီးတာက ကျနော်တို့ရေးတဲ့ သတင်းတွေက အချက်အလက် ခိုင်မာနေရမယ်။ အကိုးအကား တွေ ရှိနေရမယ်။ အထူးသဖြင့် ငွေကြေးအာဏာ၊ လက်နက်အာဏာရှိသူတွေက ပြည်သူတွေကို ဖုံးဖိလှည့်စားထားတဲ့ ကိစ္စ တွေကို ဖော်ထုတ်ပေးနိုင်ရမယ်။ ဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် လိုအပ်တဲ့ တန်ပြန်ထိန်းကျောင်းမှုတခု ဖြစ်ရမယ်။

အဓမ္မပြုကျင့်ခံရပြီး ကိုယ့်အဖြစ်အပျက်ကိုယ်တောင် မပြောတတ် မဆိုတတ်သူတွေရဲ့ အသံချဲ့စက် ဖြစ်ရမယ်။ အမှန် တရား ဆိုသည်မှာ ရှုထောင့် အသွယ်သွယ်က နားလည်ခြင်း ဆိုတဲ့ ဗုဒ္ဓရဲ့ အဆိုအမိန့်ကို နှလုံးမူပြီး လူထုက အရေးကြီးတဲ့ ကိစ္စတွေကို အမှန်ကို အမှန်အတိုင်း သိရှိအောင် ကျနော်တို့ ကြိုးစားနေပါတယ်။

Leave a Reply