ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်နဲ့ NUG ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအသိုင်းအဝိုင်းနဲ့ တောင်ကိုရီးယားမှာ ဒီနေ့တွေ့ဆုံဖို့ရှိ

Local News

ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်နဲ့ NUG ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအသိုင်းအဝိုင်းနဲ့ တောင်ကိုရီးယားမှာ ဒီနေ့တွေ့ဆုံဖို့ရှိ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်နဲ့ NUG ကိုယ်စားလှယ်တွေအပါအဝင် မြန်မာအသိုင်းအဝိုင်းနဲ့ တောင်ကိုရီးယားမှာ ဒီနေ့တွေ့ဆုံဖို့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီး NUG ကိုယ်စားလှယ်တွေ အပါအဝင် ကိုရီးယားရောက် မြန်မာအသိုက်အဝန်းနဲ့ပါ ဒီကနေ့ နိုဝင်ဘာ ၁၉ ​ရက်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
NUG အနေနဲ့ မစ္စတာ တွမ်အင်ဒရူးစ်နဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံသားတွေရဲ့အခက်အခဲတွေကို တင်ပြဆွေးနွေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။
“ကိုရီးယားနိုင်ငံအစိုးရအနေနဲ့ ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံရေးခိုလှုံခွင့်ယူထားတဲ့ မြန်မာနိုင်ငံသားတွေ၊ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေ အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီးတော့ သူ့အနေနဲ့ ကိုရီးယားအစိုးရနဲ့ ပြန်လည်တွေ့ဆုံတဲ့အခါမှာ တင်ပြမယ်။ ပြီးသွားခဲ့ရင်တော့ သူ သတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်း ကိုရီးယားမှာလုပ်ဖို့ရှိပါတယ်” လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

တွမ်အင်ဒရူးအနေနဲ့ ကိုရီးယားနိုင်ငံကို ဦးစားပေးပြီး ပထမဆုံးအကြိမ်အဖြစ်လာရောက်တာဟာ ကိုရီးယားနိုင်ငံက မြန်မာ့နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကစလို့ လက်ရှိအချိန်အထိ အဆက်မပြတ်အားပေးထောက်ပံ့ကူညီနေတဲ့နိုင်ငံဖြစ်လို့ လာရောက်တာဖြစ်တယ်လို့ ဦးရန်နိုင်ထွန်းက သုံးသပ်ပါတယ်။
“ကိုရီးယားအစိုးရရော ကိုရီးယားပြည်သူပြည်သားတွေရာ ကိုရီးယားနိုင်ငံမှာရှိတဲ့ NGO တွေရော မြန်မာ့အရေးနဲ့ပတ်သက်ရင်တက်ကြွစွာနဲ့ အားပေးကူညီတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုရီးယား အစိုးရအတွင်းမှာဆိုလည်း အာဏာရနဲ့ အတိုက်အခံဆိုပြီးကွဲပြားမှုမရှိဘဲ မြန်မာ့ဒီမိုကရေ စီအရေးအတွက်ဆိုရင် တက်ကြွစွာနဲ့ စည်းလုံးညီညွတ်စွာနဲ့ မြန်မာဒီမိုကရေစီပြန်လည်ရရှိရေး ကိုရီးယားလွှတ်တော်အမတ်ပေါင်း ၈၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတောင်မှ ရှိနေတာပါ” လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေတိုက်ခိုက်မှုနဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စုစုစည်းစည်းနဲ့ တုံံ့ပြန်ကြဖို့ တွမ်အင်ဒရူးက ပြောပါတယ်။

ဓာတ်ပုံ-AFP

မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပြီး မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသားထောက်ခံအားပေးမှုရှိထားတဲ့ တောင်ကိုရီးယားဟာ ဒေသတွင်း ဦးဆောင်မှုအပိုင်းမှာရှိနေတယ်လို့ သူက ဆိုပါတယ်။
“အာရှ-ပစိဖိတ်ဒေသရဲ့ ထိပ်တန်းဒီမိုကရေစီနဲ့ အာဆီယံအပေါင်းသုံး အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းရာမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို ဆွေးနွေးဖို့ မျှော်လင့်ပါတယ်” လို့လည်း သူကဆိုပါတယ်။
တွမ်အင်ဒရူးဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဥ်ကိုနိုဝင်ဘာ ၁၆ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားအစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တောင်ကိုရီးယားရောက်မြန်မာ့အသိုက်အဝန်း၊ မြန်မာမှာရင်းနှီးမြှုပ်နှံထားတဲ တောင်ကိုးရီးယားက ကုမ္ပဏီတို့နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။