ရန်ကုန်တက္ကသိုလ်အတွင်း ဝင်ရောက်လည်ပတ်ခြင်းအား တားမြစ်လိုက်

Local News

ကမာရွတ်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်နေ၍ ရန်ကုန်တက္ကသိုလ်အတွင်းသို့ ပြင်ပလူပုဂ္ဂိုလ်များ ဝင်ရောက်လည်ပတ်ခွင့်ကို ယနေ့တွင် တားမြစ်လိုက်သည်။

ရန်ကုန်တက္ကသိုလ်တည်ရှိသည့် ကမာရွတ်မြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်သည့် အတွက် ရန်ကုန်တက္ကသိုလ်အတွင်း ဝင်ရောက်လည်ပတ်ခွင့်ကို ယခင်ကတည်းက ခွင့်ပြုပေးမထားကြောင်း ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။

“ရန်ကုန်တက္ကသိုလ်က Stay at Home မြို့နယ်ပါတဲ့အတွက် အရင်တည်းက ဖွင့်ပေးမထားပါဘူး။ လာတဲ့သူ တွေ၊ ဝင်ထွက်တဲ့သူတွေ များလာတဲ့အတွက် ဖြစ်သွားတာပါ။ အရင်တည်းကကို ဖွင့်ပေးမထားတာပါ။ ကျောင်းထဲမှာ လုပ်ငန်းနဲ့သက်ဆိုင်တဲ့သူတွေပဲ ဝင်၊ထွက်လို့ရပါတယ်။ အခြားသူတွေတော့ ဝင်၊ထွက်လို့မရ ပါဘူး။ ကျောင်းထဲမှာလည်း ပိုးတွေ့ထားတဲ့သူတွေ ရှိနေပါတယ်”ဟု ၎င်းက 7Day News သို့ ပြောသည်။

“ ကမာရွတ်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ မြင့်တက်နေပါသဖြင့် ရန်ကုန်တက္ကသိုလ် အတွင်းသို့ ပြင်ပပုဂ္ဂိုလ်များ လာရောက်လည်ပတ်ခြင်းကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပါသည်” ဟု ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ရှေ့၌ အဆိုပါစာများရေးသားထားသည့် ဆိုင်းဘုတ်ကို ယနေ့ချထား၍ တားမြစ်ထားသည်ကို တွေ့ရသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ်ပရဝဏ်တွင် အလှဆင်မီးများ ထွန်းညှိထားရာ ယခုရက်ပိုင်းအတွင်း ညပိုင်း၌ တက္ကသိုလ်သို့လာရောက်လည်ပတ်သူများဖြင့် စည်ကားနေသည်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လူစုလူဝေးဖြစ်သည်အထိ တက္ကသိုလ်အတွင်း လာရောက်လည် ပတ်ခွင့်ပြုထားမှုကိုလည်း မေးခွန်းထုတ် ဝေဖန်မှုများရှိနေသည်။

Leave a Reply