စေပိုင်ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည့် 45 Complex အိမ်ရာစီမံကိန်းတွင် ပလက်ဖောင်းအမြင့် ပြုလုပ်ထားခြင်းနှင့် ရေစုပ်စက်ကြီးများဖြင့် စည်ပင်ရေ သုံးစွဲနေသဖြင့် ပြည်သူများ ရေအခက်အခဲဖြစ်နေ

Local News

စေပိုင်ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည့် 45 Complex အိမ်ရာစီမံကိန်းတွင် ပလက်ဖောင်းအမြင့် ပြုလုပ်ထားခြင်းနှင့် ရေစုပ်စက်ကြီးများဖြင့် စည်ပင်ရေ သုံးစွဲနေသဖြင့် ပြည်သူများ ရေအခက်အခဲဖြစ်နေခြင်းတို့နှင့် ပတ်သက်၍ ၄၅ လမ်း (အောက်ဘလောက်) နေသူများက ဒီဇင်ဘာ ၇ ရက်တွင် သတင်းစာရှင်းလင်းခဲ့သည်။

သတင်းစာရှင်းလင်းပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၅ လမ်းရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်းကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများကို YMCA ဥက္ကဋ္ဌ ဒေါက်တာသာဉာဏ်နှင့် လမ်းသူလမ်းသားများက ရှင်းလင်း ပြောကြားခဲ့ကြသည်။

“ စေပိုင်ကုမ္ပဏီက သွပ်ပြားတွေ ကာရံပြီးတော့ ပလက်ဖောင်း လုပ်ထားတယ်။ လုပ်ထားတဲ့ အဲဒီပလက်ဖောင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်တယ်။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဖြစ်ဖြစ်ခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးကို စပြီးတော့ စာတင်ပါတယ်။ စာတင်တဲ့အချိန်မှာ သွပ်ပြားကာထားတဲ့အတွက် အသေးစိတ် မမြင်ရဘူး။ သွပ်ပြားဖြုတ်ပြီးတဲ့အချိန်မှာ ပလက်ဖောင်းကို မြင်ရပါတယ်။ မြောင်းက လွှတ်တော်ရန်ပုံငွေဘတ်ဂျက်နဲ့ လုပ်ထားတဲ့ မြောင်းဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးကို တင်ခဲ့အခါမှာ ပလက်ဖောင်းအမြင့် ပြုလုပ်ထားခြင်းကို မူလအတိုင်း ပြုလုပ်ပေးပါရန် ဆိုပြီးတော့ တင်လိုက်ပါတယ်။ အဲဒီလို တင်လိုက်တော့ အတိုင်ပင်ခံရုံးက စာပြန်ကျလာပါတယ်။ အတိုင်ပင်ခံရုံးကတော့ ဒီဟာကို အသေးစိတ် မရေးတော့ဘဲနဲ့ မြောင်းဖုံးကို အရှင်ပြုလုပ်ပေးပါရန်ဆိုတဲ့ ပုံစံမျိုးလေးနဲ့ ရေးလိုက်ပါတယ်။အဲဒီတော့ စေပိုင်အနေနဲ့ကလည်း နဂိုလုပ်ထားတဲ့ အသေမြောင်းဖုံးကို ကျောက်ပြားအချပ် ပုံစံလေးဖြစ်အောင် ဖြတ်ထားလိုက်ပါတယ်။ အဲဒါက ကျွန်တော်တို့လမ်းက လိုချင်တဲ့ပုံစံ မဟုတ်ပါဘူး”ဟု ယင်းလမ်းနေ ပြည်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ပြောကြားသည်။

ယင်းသို့ ပလက်ဖောင်းအမြင့် လုပ်ထားမှုကြောင့် သြဂုတ်လအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး တိုက်အောက်ခန်းများ၊ ရေစက်မော်တာများ၊ အခန်းများသို ့ရေဝင်ရောက်သဖြင့်လျှပ်စစ်အန္တရာယ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး စေပိုင်ကုမ္ပဏီ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ကြောင်း ဦးကျော်ကျော်ဦးက ပြောကြားသည်။

“သူတို့ဘက်က သုံးပေါင်ခွဲ လေးပေါင်ရှိတဲ့ ရေစက်ကြီးနဲ့ မတရား နေ့ရော၊ ညရော စွဲလိုက်တဲ့အခါမှာ ကျွန်တော်တို့ အိမ်ဆိုရင် ရေစက် နှစ်ခါကျွမ်းသွားတယ်။ အဲဒီအတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ဘယ်သူကိုမေးလိုက်တိုင်း ကျွန်တော်တို့ တင်ပြလိုက်ပါ့မယ်နဲ့ ကျွန်တော်တို့ ခံစားရတာ ခြောက်လ၊ ခုနစ်လ ရှိသွားပါပြီ” ဟု ယင်းလမ်းတွင် နေထိုင်သူ ဦးထွန်းလင်းက ပြောကြားသည်။

ထို့ပြင် 45 Complex အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်မရှိသော လူတစ်စု၏ ဟန့်တားမှုကြောင့် စီမံကိန်းအလုပ်သမားများ စားဝတ်နေရေး ထိခိုက်ဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာ သတင်းဂျာနယ်တစ်ခုတွင် ဖော်ပြခြင်းမှာ အခြေခံလူတန်းစား လက်လုပ်လက်စားများနှင့် ၄၅ လမ်းနေ ပြည်သူများကို ရန်တိုက်ပေးသည့် သဘောမျိုး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောကြားသည်။

ယင်း 45 Complex စီမံကိန်းနှင့် ပတ်သက်ပြီး အိမ်ရာအတွင်း နေထိုင်သူများ စည်ပင်ရေ လုံးဝ အသုံးမပြုရန်၊ ပလက်ဖောင်းအမြင့် တည်ဆောက်မှုကို ဖျက်သိမ်း၍ ယာဉ်များ ရပ်နားနိုင်ရန်အတွက် မူလအတိုင်း နိမ့်ပေးရန်၊ လမ်းမီးကြိုးများ မြှင့်ပေးရန်၊ စီမံကိန်းကာလအတွင်း ဘေးအိမ်အနှောက်အယှက် မဖြစ်စေရန် ကာရံထားသော သွပ်ပြားများ ဖြုတ်ပေးရန်တို့ကို စေပိုင်ကုမ္ပဏီကို ၄၅ လမ်းနေ ပြည်သူများက တောင်းဆိုခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်နေ့တွင်ပင် စေပိုင်ကုမ္ပဏီ၏ အုပ်ချုပ်မှုတာဝန်ခံ မန်နေဂျာ ဦးအောင်ကျော်သိုက်က  ၄၅ လမ်းနေ ပြည်သူများ၏ စေပိုင်ကုမ္ပဏီထံ တောင်းဆိုချက်များနှင့် ပတ်သက်၍  ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား  လာရောက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်တထောင်မြို့နယ်ရှိ 45 Complex အိမ်ရာစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် စေပိုင်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်သည့် အိမ်ရာစီမံကိန်းဖြစ်ပြီး ယခင်က ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်းဟု သိရှိထားသော်လည်း လက်ရှိတွင် အိမ်ရာစီမံကိန်းအဖြစ် ပြောင်းလဲသွားကြောင်း ယင်းလမ်းနေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

Leave a Reply