အိန္ဒိယထံမှ ကိုဗစ်ကာကွယ်ဆေး လူ၁၅သန်းစာအတွက် ဝယ်ယူရန် အတိုင်ပင်ခံပုဂ္ဂိုလ်မှ စီစဉ်ထား

Local News

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ လူ၁၅သန်းစာအတွက် ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရန်စီစဉ်ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဒီဇင်ဘာ ၂၄ ရက်နေ့ညတွင် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ‘ကျွန်မတို့ဟာ ကာကွယ်ဆေးဝယ်ယူဖို့အတွက် လက်မှတ်ထိုးပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီးပြီ ဆိုတာနဲ့ မကြာခင်အချိန်ကာလမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ စဖို့လည်း ကျွန်မတို့စီစဉ်ထားပြီးပါပြီ။ တစ်တိုင်းပြည်လုံးမှာပေါ့။ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျွန်မတို့ရဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နိုင်ငံနဲ့ပြည်သူတွေအတွက် လိုအပ်ချက်အရ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’ ဟုပြောကြားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ် အဖွဲ့နှင့် အိန္ဒိယ ထိပ်တန်း ဆေးကုမ္ပဏီတစ်ခုဖြစ်သော Serum Institiute တို့အကြား ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ယူရေး နားလည်မှု စာချွန်လွှာအား ယနေ့တွင် Virtual ဖြင့်လက်မှတ်ရေးထိုးခဲ့ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်သည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံရှိ အစိုးရတာဝန်ရှိသူများ အချင်းချင်းတွေ့ဆုံပြီး အစိုးရချင်း Government to Government အစီအစဉ်ဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေးရရှိမှု ဆွေးနွေးပြီးနောက် အိန္ဒိယဆေး ကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သည့် နည်းပညာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ အိန္ဒိယအစိုးရမှ တာဝန်ရှိသူများနှင့် ဆက်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Serum Institute ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးအနေဖြင့် အောက်စဖို့စ်တက္ကသိုလ်နှင့် AstraZeneca တို့ပူးပေါင်း သုတေသနပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထုတ်လုပ်နေခြင်းဖြစ်သည်။

Leave a Reply