မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်း

Religion

မိုင်းဖုန်းဆရာတော်ဘုရားထေရုပ္ပတ္တိ အကျဉ်း

ဆရာတော်ကို ၁၉၆၅ ခုနှစ် ၊ဇန်နဝါရီလ၊ ၅ ရက်နေ့က
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ကျိန်းဆဲမြို့နယ်နေ သျှမ်းမိဘများက ဖွားမြင်တော် မူခဲ့တာဖြစ်ပြီး၊ ၁၀ နှစ်သား ကတည်းက သင်္ဃန်းဝတ် ရှင်ပြုခဲ့ပြီး ဝါတော် ၂ ဝါရလာ တဲ့အခါ ထိုင်း၊ သျှမ်း၊ လာအိုနယ်စပ် ဖြစ်တဲ့ ရွှေတြိဂံဒေသ မိုင်းဖုန်းဒေသမှာ သာသနာပြုရာမှ မိုင်းဖုန်း ဆရာတော်ဟူ၍ လူသိများခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ သျှမ်းလို ခူးဝါးဝန်းစုမ့်ခေါ်ဦးဉာဏသံဝရ ဖြစ်ပြီး မိုင်းဖုန်း ဆရာတော်လို့ လူသိများ ထင်ရှားလှသလို၊ တန်ခိုးကြီးဆရာတော် အဖြစ် ကိုးကွယ်ဆည်းကပ်သူ ဒကာ၊ ဒကာမတွေ များပြားလှပါတယ်။ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က ဆရာတော်ကို သွားရောက်ဖူးမျှော်ပြီး ငွေသားအမြောက်အများ လှူဒါန်းခဲ့ပေမယ့် အဲဒီအလှူခံ ရရှိငွေတွေ အားလုံးကို ဒကာ၊ ဒကာမတွေကို ပြန်စွန့်ကြဲလှူလိုက်ပါတယ် ဆိုတာတွေ ပြည်သူတွေ ပါးစပ်ဖျား ပြောစမတ် ဖြစ်ကြရတယ်။

ဆရာတော်ရဲ့ မှန်မှန်ကန်ကန် ရပ်တည် ကျင့်သုံးမှုတွေကို စစ်အာဏာပိုင်တွေက အလိုမကျ တာတွေကြောင့် ၂၀၀၄ခုနှစ် အလည်မှာတော့ မိုင်းဖုန်းဆရာတော်အား သျှမ်းခေါင်းဆောင်များကို စည်းရုံးရေး တရားဟောခြင်း၊ ပြည်ထောင်စုမှ ခွဲထွက်ရေး တရားဟောခြင်း စသော န.အ.ဖ စစ်အစိုးရရဲ့ မတရား စွပ်စွဲမှုများဖြင့် ဆရာတော်အား ဖမ်းဆီးရန် ကြံစည်လာသဖြင့် ဒကာ၊ဒကာမ များ၏ အသနားခံ လျှောက်ထားမူကြောင့် ထိုင်းနိုင်ငံသို့ ခေတ္တ ရှောင်တိမ်းကြွချီ ရာမှ ပြန်လည် ပြည်ဝင်ခွင့် မပေးတော့ဘဲ ပြည်ဝင်ခွင့် ပိတ်ထားစဲ ဖြစ်သဖြင့် ချက်ကြွေဇာတိ သျှမ်းပြည်သို့ မပြန်နိုင်ဘဲ ယနေ့ထက်တိုင် ထိုင်းနိုင်ငံ၌သာ သီတင်းသုံးနေထိုင်တော်မူလျှက် ရှိပါတယ်။ဆရာတော်ကို ဖူးမျှော်ဖို့ ကြုံတောင့် ကြုံခဲရခဲလှတာမို့မှတ်တမ်းတင်လိုက်တဲ့ ဓာတ်ပုံတော်ကို မျှဝေဒါနပြု လိုက်ပါတယ်။

မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ(ခူးဝါးဝန်းစုမ့်)၏ ထူးခြားချက်များ

၁. ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ် ဘုဉ်းပေးခြင်း။

၂.ငယ်စဉ်ကတည်းကစပြီး ကမ္မဋ္ဌာန်းဘာဝနာ ကျင့်ကြံခြင်း။

၃. လူသူကင်းမဲ့သည့်တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်း မကြောက်မရွံ့ တရားအားထုတ်ခြင်း။

၄. ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုးသင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။

၅. မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲတစ်ဆက်တည်း ကျင့်ကြံနိုင်ခြင်း။

၆. ထိုင်လျှက်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်း တရားအားထုတ်နိုင်ခြင်း။

၇. ဝါတွင်းသုံးလအတွင်း ဂူ (သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်တရားထိုင်ခြင်း။

၈. ဝါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊ သစ်ဥ၊သစ်ဖုများကိုသာ အဟာရအဖြစ်မှီဝဲခြင်း။

၉. ဝါတွင်းသုံးလကာလအတွင်း အမြဲတမ်း ၀စီပိတ် ကျင့်ကြံခြင်း။

၁၀. လူ၊နတ်၊ သတ္တဝါ တို့အား သွန်သင်ဆုံးမသြဝါဒစကား ကိုတရားတော်များ နာပွားနေခြင်းမှအလိုလို ပေါ်ပေါက်လာခြင်း။

၁၁. လူ၊နတ်၊ သတ္တဝါအားလုံး အဆင့်အတန်း မခွဲခြားဘဲ မျှှမျှတတ မေတ္တာထားဆက်ဆံခြင်း။

၁၂. အများတကာမှာ အလွန်ချမ်းနေပြီး ဖိနပ်၊ ခြေအိတ် အပြည့်အစုံနှင့်သွားလာနေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွတော်မူခြင်း။

၁၃. အများတကာမှာ အလွန်ပူလောင်နေသည့် ကျောက်ခဲ ကျောက်စရစ်သဲပြင်များတွင် ဖိနပ်ဖြင့်သာ သွားလာ၍ရသော နေရာများတွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။

၁၄. ရွှေ ၊ငွေ၊ ရတနာ အဝတ်အစား အသုံးအဆောင် အစားအစာများအားလုံးနှမြောတွန့်တိုခြင်း မရှိဘဲ လူအများသို့ ဒါန ပေးလှူခြင်း။

၁၅. မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုးတည်ဆောက်ရေးလုပ်ငန်း တို့တွင် ပါဝင်လှူဒါန်းခြင်း။

၁၆. ရပ်နီးရပ်ဝေး မည်သည့်နိုင်ငံ၊မည်သည့်နေရာဋ္ဌာနသို့မဆို အဓိဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။

၁၇. မိမိ၏အတိတ်ဘဝ အဆက်ဆက်ကို သိတော်မူခြင်း။

၁၈. မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။

၁၉. မျက်နှာမြင်ရုံမျှဖြင့် တစ်ဖက်သား၏ အတွင်းစိတ်ကို သိတော်မူခြင်း။

၂၀. နေ့စဉ် နံနက်၊ ည မပျက်မြတ်စွာဘုရားထံ ဝတ်ပြုဆုတောင်းမေတ္တာပို့သခြင်း။

၂၁. ဗုဒ္ဓသာသနာဆိုင်ရာ တန်ခိုးကြီး အထွတ်အမြတ်နေရာဋ္ဌာန အားလုံးကို သိမြင်တော်မူခြင်း။

၂၂. သီလ၊ သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တဝါများ အကိုက်ခံရခြင်းမရှိခြင်း။

၂၃. ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မဝမပိန်၊ အသံံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း၊ တရားနာပြီးရင်း ထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ်အလိုလိုပေါ်ပေါက်ခြင်း။

၂၄. မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များကဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဘဲဖြစ်ပါတယ်။

မိုးနတ်မင်း Page မှတင်သော သတင်းများနှင့်ဗဟုသုတများကို စဉ်ဆက်မပျက်ဖတ်ရှုနိုင်ရန်အတွက်
page လေးကို Like and follow လုပ်ပြီး သူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်းများကို share ပေးသွားပါဦးနော်။