ခွဲစိတ်မှုလုပ်နေတုန်း ဆရာဝန်က လူနာကို ထိုးကြိတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကြောင့် တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေ ဒေါသထွက်နေ

International News
ခွဲစိတ်မှုလုပ်နေတုန်း ဆရာဝန်က လူနာကို ထိုးကြိတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကြောင့် တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေ ဒေါသထွက်နေ

ခွဲစိတ်မှုလုပ်နေတုန်း ဆရာဝန်က လူနာကို ထိုးကြိတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ပျံ့နှံ့ခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက ဆေးရုံတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ အခုသီတင်းပတ်အတွင်း တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံမှတ်တမ်းကြောင့် လူမှုကွန်ရက် အသုံးပြုသူတွေ ဒေါသထွက်နေကြပါတယ်။

ရုပ်သံမှတ်တမ်းအရ မျက်လုံးခွဲစိတ်ပေးနေချိန်မှာ ခွဲစိတ်ဆရာဝန်က လူနာအမျိုးသမီးကြီးရဲ့ခေါင်းကို အနည်းဆုံး ၃ ချက်ဆင့် ထိုးကြိတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ဂန်းမြို့ ဆေးရုံမှာ ဖြစ်ပွားခဲ့တာလို့ မျက်စိဆေးရုံတွေ တည်ထောင်ထားတဲ့ Aier China လုပ်ငန်းစုက ပြောပါတယ်။

Aier China လုပ်ငန်းစုရဲ့ ထုတ်ပြန်ချက်အရ လူနာဟာ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မေ့ဆေး ထိုးထားပေမဲ့ ဦးခေါင်းနဲ့ မျက်လုံးကို အကြိမ်ကြိမ် လှုပ်ရှားနေခဲ့တာလို့ ဖော်ပြထားပါတယ်။ ဆရာဝန်က ပြည်မကြီးသုံး တရုတ်စကားနဲ့ မလှုပ်ရှားဖို့ သတိပေးတာကို လူနာက နားမလည်ဘဲ ဒေသန္တိရစကားသာ နားလည်တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ ထိုးကြိတ်မှုကြောင့် လူနာဟာ နဖူးမှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။

ခွဲစိတ်မှုအပြီးမှာ ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့က လူနာကို တောင်းပန်ခဲ့ပြီး နစ်နာကြေးအဖြစ် ယွမ်ငွေ ၅၀၀ ပေးခဲ့တယ်လို့ လူနာရှင်ရဲ့ သားက ပြောပါတယ်။ အခုချိန်မှာတော့ လူနာအမျိုးသမီးကြီးဟာ ဘယ်ဘက်မျက်လုံးတစ်ဖက် ကွယ်နေပါပြီ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကြောင့် မျက်လုံးကွယ်ခဲ့တာ ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပါဘူး။
အခုအခါမှာ Aier China လုပ်ငန်းစုက ကွေ့ယန်းဆေးရုံ အမှုဆောင်ချုပ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ခွဲစိတ်ဆရာဝန်ကိုလည်း တာဝန်ဆိုင်းငံ့ထားပါတယ်။

လူနာကို ထိုးကြိတ်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ဟာ အဲဒီဆေးရုံရဲ့ ဆေးရုံအုပ် ဖြစ်ပါတယ်။
ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့ကြောင်း လူထုကို စတင်သတိပေးတဲ့ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအိုက်က follower ၂ သန်းကျော်ရှိတဲ့ သူ့ရဲ့ ဝေဘိုအကောင့်မှာ အဲဒီဖြစ်ရပ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်း တင်ခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။