ဗီယက်နမ် သမ္မတ ဗိုဗန်ထွန်း တနှစ်အကြာမှာ နုတ်ထွက်

International News
ဗီယက်နမ် သမ္မတ ဗိုဗန်ထွန်း တနှစ်အကြာမှာ နုတ်ထွက်

ဗီယက်နမ်ရဲ့ အငယ်ဆုံး သမ္မတ ဗိုဗန်ထွန်း

ဗီယက်နမ် သမ္မတ ဗိုဗန်ထွန်း ရာထူးသက်တမ်း တနှစ်နဲ့ပဲ တာဝန်က နုတ်ထွက်လိုက်ပါပြီ။

သမ္မတက ပါတီစည်းမျဉ်းကို ချိုးဖောက်ပြီး သမ္မတရာထူးကို ထိခိုက်အောင် လုပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အာဏာရ ကွန်မြူနစ်ပါတီ အစည်းအဝေးအပြီးမှာ ဗီယက်နမ် အစိုးရက ပြောကြားခဲ့ပါတယ်။

ပါတီက ထိန်းချုပ်ထားပြီး နိုင်ငံရေးအားဖြင့် တည်ငြိမ်တယ်လို့ သိကြတဲ့ ဗီယက်နမ်မှာ တနှစ် ကျော်အတွင်း ဒုတိယအကြိမ် သမ္မတတယောက်ကို ရာထူးက ထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ၅၃ နှစ်အရွယ် ဗိုဗန်ထွန်းဟာ ဗီယက်နမ်မှာ အသက်အငယ်ဆုံး သမ္မတ ဖြစ်ပြီး သူ့နုတ်ထွက်စာကို ကြာသပတေးနေ့မှာ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် သက်တမ်းအတိုဆုံး သမ္မတလည်း ဖြစ်လာပါတယ်။ သူ့ရှေ့က သမ္မတ ငုယင် စွမ်းဖုလည်း သက်တမ်း ၂ နှစ်နဲ့ပဲ မနှစ်က နုတ်ထွက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ခြစားမှု အရှုပ်တော်ပုံတွေနဲ့ ငြိစွန်းခဲ့ပါတယ်။

သမ္မတ ဗိုဗန်ထွန်းက ပါတီစည်းမျဉ်းချိုးဖောက်တယ်လို့ပဲ ဗီယက်နမ်အစိုးရရဲ့ ကြေညာချက်မှာ ပါရှိပြီး တိတိကျကျ ပြောကြားမထားပါဘူး။ နောက် သူ့မှာ ပါတီ၊ အစိုးရနဲ့ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လူထုကြားထဲ ရိုက်ခတ်တဲ့ ချို့ယွင်းချက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

သူ တခါက ပါတီအကြီးအကဲ လုပ်ခဲ့တဲ့ ကွမ်ငိုင်ခရိုင်က အိမ်ခြံမြေ လုပ်ငန်းတခုနဲ့ အစိုးရ အရာရှိတွေအပေါ် စွဲဆိုတဲ့ လာဘ်စားမှုနဲ့ လိမ်ညာမှု စွပ်စွဲချက်နဲ့ သူ နုတ်ထွက်ရတယ်လို့ ယူဆရပါတယ်။ ဒီအမှုက ဆယ်နှစ်ကျော် ကြာနေပြီ ဖြစ်ပေမဲ့ ရဲက ခုမှ လိုက်တဲ့ အမှုဖြစ်ပါတယ်။ ဒါကြောင့် ဒီစုံစမ်းမှု နောက်ကွယ်မှာ နိုင်ငံရေးစွက်ဖက်မှုတွေ ရှိနိုင်တယ်လို့ သံသယဝင်လာကြပါတယ်။

အရှေ့တောင်အာရှထဲက ကွန်မြူနစ် ဗီယက်နမ်

ဗီယက်နမ်နိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဆိုတဲ့ ထိပ်တန်း လူလေးယောက်ကြား အာဏာကို ခွဲဝေကျင့်သုံးတဲ့ စုပေါင်းခေါင်းဆောင်မှု ရှိပါတယ်။

ပါတီ အထွေထွေအတွင်းရေးမှူးက အာဏာ အရှိဆုံး ဖြစ်ပေမဲ့ အဆောင်အယောင်သက်သက်လို ဖြစ်နေတဲ့ သမ္မတ ရာထူးကိုလည်း ပါတီအကြီးအကဲဖြစ်ဖို့ နောက်ဆုံးတဆင့်လို့ ယူဆကြပါတယ်။ ဗိုဗန်ထွန်းဟာ လက်ရှိ ပါတီအကြီးအကဲ ငုယင်ဖုထောင်ရဲ့ လက်ရင်းတပည့်ဖြစ်ပြီး ငုယင်ဖုထောင်ရဲ့ ပါတီအကြီးအကဲ သက်တမ်းကလည်း ၁၃ နှစ်ရှိနေပြီ ဖြစ်လို့ သူများနဲ့မတူ ရှည်လျားနေပါတယ်။ အသက် ၈ဝ နားနီးပြီး ကျန်းမာရေး မကောင်းတဲ့ကြားက မစ္စတာ ဖုထောင်ဟာ နောက်ပါတီကွန်ဂရက်လုပ်တဲ့ ၂၀၂၆ ကျမှ ရာထူးက ဆင်းမယ်လို့ ခန့်မှန်းရပါတယ်။

ဒီမှာ အဓိကသော့ချက်က အရင် ၁၂ နှစ်က ဖြစ်ခဲ့တဲ့ အရှုပ်တော်ပုံကို အချိန်ကိုက် ပြန်ဖော်နိုင်တာပါလို့ ဆိုပြီး နယူးဆောက်သ်ဝေးတက္ကသိုလ်က ဂုဏ်ထူးဆောင် နိုင်ငံရေးပါမောက္ခ ကားလ် သေယာက ပြောပါတယ်။

ဒါက ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီး တူလမ်းရဲ့ လက်ရာတွေပါ။ ငုယင် စွမ်းဖုတုန်းကလည်း လူမှုကွန်ရက်သတင်းတွေနဲ့ပဲ ထွက်ခိုင်းခဲ့တာပါ။ အဲဒီအချိန်က တူလမ်းက ဗိုဗန်ထွန်းနဲ့ သမ္မတ ရာထူးမှာ ဝင်ပြိုင်ပြီး ရှုံးခဲ့ပါတယ်။ ဖုထောင်ရဲ့ အာဏာကလည်း ထွန်းမရှိတာနဲ့ မှိန်ဖျော့လာပါပြီ။ ဖုထောင်က ခြစားမှုတိုက်ဖျက်ရေးနဲ့ ပါတီ တည်ဆောက်ရေး ဆိုတဲ့ သူ့ရဲ့ စွမ်းဆောင်မှုဂုဏ်ကို ဆက်ထိန်းထားချင်ရင်တော့ တခြားအုပ်စုတွေနဲ့ သူ စေ့စပ်ရမှာပါလို့လည်း ပါမောက္ခ သေယာက ပြောပါတယ်။

ငယ်ရွယ်တဲ့ သမ္မတ ဗိုဗန်ထွန်း

ငယ်ရွယ်တဲ့ သမ္မတ ဗိုဗန်ထွန်းဟာ ဖုထောင်ရဲ့ နေရာကို အကြာကြီး ဆက်ခံသူ ဖြစ်လာနိုင်ခဲ့ပါတယ်။သူ့ကို ဖယ်ရှားလိုက်တဲ့အတွက် ပါတီခေါင်းဆောင်သစ် ပြိုင်ပွဲမှာ ယှဉ်ပြိုင်မှု ကြီးလာပြီး အုပ်စုတိုက်ပွဲတွေ ပေါ်လာနိုင်ပါတယ်။

ဒါကို ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကလည်း စိတ်ပူကြပါတယ်။ ဗီယက်နမ်အတွက် အံ့မခန်းစီးပွားရေး ဖွံ့ဖြိုးရေးမှုကို အားကောင်းအောင် လုပ်ဖို့ အများကြီးလိုပါတယ်။ ငုယင်ဖုထောင်ရဲ့ ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကလည်း နောက်ထပ် ကြောင့်ကြစိုက်စရာ တခု ဖြစ်ပါတယ်။

လူတွေကြားမှာ ဒါက ရေပန်းစားပေမဲ့ ဒါနဲ့ပဲ သမ္မတ နှစ်ယောက်၊ ဒုဝန်ကြီးချုပ် နှစ်ယောက်နဲ့ ထောင်နဲ့ချီတဲ့ အရာရှိတွေ ပြုတ်သွားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဟောင်းတယောက်ကို ထောင် ၁၈ နှစ် ချခဲ့ပါတယ်။

ငုယင်ဖုထောင်ကို ရှေးရိုးဆန်တဲ့ ဝါဒီလို့ သိကြပြီး ကွန်မြူနစ်ပါတီ အာဏာဆုပ်ကိုင်ထားဖို့က သူ့ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။

သူ့ခေါင်းဆောင်မှုအောက် ဗီယက်နမ်မှာ လှိုက်စားနေတဲ့ ခြစားမှုကို ကွန်မြူနစ်ပါတီအတွက် အကြီးဆုံး ခြိမ်းခြောက်မှုဆိုပြီး ဖော်ထုတ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှု အတွက်ပဲ သူ့မဟာမိတ်နဲ့ သူ့ကို ဆက်ခံနိုင်သူကို ဖယ်ရှားခဲ့ရပါတယ်။

ခေတ်မီလာတဲ့ ဟိုချီမင်းမြို့

ပါတီမှာ သူ့အာဏာတည်မှုကို ထိန်းဖို့အတွက် နောက် ဆယ်စုနှစ် နှစ်စုစာ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရည်မှန်းချက်ကြီးတွေ ရှိပါတယ်။ ဒီဒလကြမ်း တိုးတက်မှုကြောင့်လည်း ခြစားမှုတွေ ဖြစ်လာပြီး ပါတီက ပြင်းပြင်းထန်ထန် တိုက်ဖျက်နေရပါတယ်။

ခြစားမှုနဲ့ ငြိမှာစိုးပြီး ပါတီအရာရှိတွေဆီက စီးပွားရေး စီမံကိန်းတွေကို ခွင့်ပြုမိန့်တွေ ကျဖို့ ခက်ခဲလာပါတယ်။ နောက်ပြီး ဒီရာဇဝတ်မှုတွေကို လူကြားထဲမှာ အမြဲ မီးမောင်းထိုးပြနေတဲ့အတွက်လည်း ခြစားမှုက နေရာတကာမှာ ဖြစ်နေပြီး ထိန်းလို့မရတော့ဘူးလို့ ထင်လာစေပါတယ်။

ဟိုချီမင်းစီးတီးမြို့မှာ စစ်နေတဲ့ ဗီယက်နမ်ရဲ့ အကြီးဆုံး အိမ်ခြံမြေ သူဌေးရဲ့ တရားခွင်နဲ့ သမ္မတ ဗိုဗန်ထွန်း နုတ်ထွက်မှုနဲ့ တိုက်ဆိုင်နေပါတယ်။ ဒီသူဌေးက အစိုးရဘဏ်ကနေ ဒေါ်လာ ၁၂ ဘီလျံလိမ်ညာရယူခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

ခြစားမှုက အရှေ့တောင်အာရှမှာ အမြစ်တွယ်နေပြီး နှိမ်နင်းဖို့ ခက်တယ်လို့ နာမည်ကြီးပါတယ်။

ဗီယက်နမ်နားက နိုင်ငံတချို့မှာတော့ ဗီယက်နမ်ထက် မီဒီယာ လွတ်လပ်မှု ပိုအားကောင်းပြီး ရွေးကောက်ပွဲ ပုံမှန်လုပ်နေတဲ့အတွက် ခြစားမှုတွေပေါ်မှာ ရှိတဲ့ လူထုဒေါသကို အာရုံပြောင်းပေးလို့ရပါတယ်။

ဗီယက်နမ်ရဲ့ ကွန်မြူနစ်စနစ်က ဒီလို အလှည့်အပြောင်း လုပ်လို့မရဘဲ ပါတီလည်း လူထုကို ထိန်းဖို့တခြားနည်းတွေ ရှာခဲ့ရတာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။