တကယ်ကြီး တိုင်းပြည်သယံဇာတတွေ အကုန်ကုန်တော့မှာလား။

Local News

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ စကျင်ကျောက်ကောင်းများကို ကုမ္ပဏီများက စက်ယန္တရားများ ဖြင့် ထုတ်ယူနေခြင်းကြောင့် စကျင်ကျောက်ရှားပါလာမှုနှင့်အတူ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသလို စကျင်တောင်များ ရေရှည်တည်တံ့ရေးအတွက် လုပ်ကွက်များ သက်တမ်းတိုးခြင်းကို ရပ်ဆိုင်ပေးစေလိုသည်ဟု စကျင်ရွာ၊ သယံဇာတ အရင်းအမြစ်ချစ်သူများအဖွဲ့မှ ဦးအောင်ထူးက ပြောသည်။

“လက်ရှိဖြစ်နေတာက ဒေသခံတွေက လက်နဲ့တူးကြပြီး အညံ့စားတွေထဲက ကောင်းတာလေး ရှာပြီးလုပ်နေရတယ်၊ ကုမ္ပဏီတွေက စက်တွေနဲ့ ထုတ်တော့ အမြန်ဆုံးကုန်သွားမယ်၊ နောက်နှစ် ၂၀ ဆို ကုန်သွားနိုင်လို့ ကုမ္ပဏီသက်တမ်းကုန် သွားတာတွေကို ဆက်တိုးမပေးဘဲ ဒေသခံတွေကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ဒေသမှာ အလုပ်အကိုင်ရှိမှာ ဖြစ်သလို နှစ်ပေါင်းများစွာတည်နိုင်မယ်” ဟု ဦးအောင်ထူးက ပြောသည်။

စကျင်ကျေးရွာ ဒေသခံများသည် ကျောက်ဆစ်ပန်းတမော့လုပ်ငန်းဖြင့် အဓိက အသက်မွေး၀မ်းကျောင်းပြုကြပြီး စကျင် တောင်မှ ထွက်ရှိသော စကျင်ကျောက်များဖြင့် ပြည်တွင်း၌သာမက အိမ်နီးချင်း ပြည်ပနိုင်ငံများအတွက်ပါ ကိုးကွယ်ရာ ဘာသာအလိုက် ဆင်းတုရုပ်ပွားတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ သိမ်တိုင်၊ ကမ္ဗည်းတိုင်၊ ကျောက်စာတိုင်များ၊ ကျောက်ပြားများ အစရှိသည့် မြန်မာ့ပန်းဆယ်မျိုး၀င် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းကို ရှေးနှစ်ပေါင်းများစွာကပင် လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

ထိုအပြင် စကျင်ကျောက်များကို ယခင်ကကဲ့သို့ ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာ အားကိုးခြင်းမပြုကြရတော့ဘဲ ပြည်ပစျေးကွက်ကို တိုက်ရိုက်တင်ပို့လာနိုင်ကြသဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာသော်လည်း တနေ့ထက်တနေ့ အရည် အသွေးကောင်းသည့် စကျင်ကျောက်ကုန်ကြမ်းရှားပါးလာခြင်းသည် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းအတွက် အကြီးမား ဆုံး စိန်ခေါ်မှု ဖြစ်လာသည်ဟု စကျင်ကျေးရွာဒေသခံများက ပြောသည်။

ဒေသခံများအနေဖြင့် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းအတွက် အဓိကကုန်ကြမ်း စကျင်ကျောက်ကို ကျောက်တူးထုတ် လုပ်ခွင့် လေလံ ရရှိထားသူများထံမှ လည်းကောင်း၊ ကုမ္ပဏီများမှ ပြန်လည်ရောင်းချသည့် စကျင်ကျောက်တန်းအတွဲ လိုက်ကိုလည်းကောင်း ပြန်လည်ဝယ်ယူ၍ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်နေကြရသည်ဟု သိရသည်။

“စကျင်ကျောက်တောင်ငယ်တွေက ဒေသခံတွေထုတ်လုပ်တဲ့ လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာမှ တစ်နှစ်တစ်ကြိမ်ပေး တယ်၊ ဒေသခံတွေက စက်ယန္တရားကြီးတွေ အသုံးပြုလို့မရဘူး၊ ကုမ္ပဏီတွေ စကျင်ကျောက်ထုတ်လုပ်ခွင့် ရပြီးတဲ့ နောက် စကျင်ကျေးရွာအ၀င်က စကျင်ကျောက်တောင်ဟာ တစ်နှစ်အတွင်း မြေပြန့်အသွင်ဖြစ်သွားတယ်၊ ဒေသခံတွေက စကျင် ကျောက်အညံတွေပဲ ရနေပါတယ်” ဟု စကျင်ကျေးရွာမှ ကျောက်ဆစ်လုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် စကျင်ကျောက် ထုတ်လုပ်ခွင့်ရရှိထာသူတစ်ဦးက ပြောသည်။

စကျင်ဒေသတွင် စကျင်ကျောက်များထွက်ရှိသည့် တောင်ကိုးလုံးရှိပြီး ကံမတောင်၊ ရသေ့တောင်၊ ရွှေဆံတော်ရှင်တောင်၊ ကျောင်းတော်တောင်၊ ဂဲတောင်၊ မြိုင်တောင်၊ မိကျောင်းတောင်၊ ရေချမ်းတောင်၊ ဆီးဖြူတောင်တို့ဖြစ်သည်။

ယခုအခါ စကျင်ဒေသရှိ စကျင်ကျောက်ထွက်ရှိသည့် တောင်များအနက် ဧက ၇၀၀ ခန့်တွင် ကုမ္ပဏီပေါင်း ၅ ခုက လုပ်ကိုင် နေကြပြီး လက်ရှိတွင် လုပ်ကွက်သက်တမ်း မကုန်သေးသော PP Marble ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEC ကုမ္ပဏီရှိ၍ စက်ယန္တရားများဖြင့် အသေးဆုံး ၇ပေ ပတ်လည်မှ ၁၂ ပေ ပတ်လည် အရွယ်အစား အမျိုးမျိုးကို လေးထောင်ပုံဖြတ်ပြီး ထုတ်လုပ်ကာ တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများ၊ သီရိလင်္ကာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အနောက် ဥရောပနိုင်ငံအချို့အထိ ကွန်တိန်နာများဖြင့် တင်ပို့နေ ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများမှ စကျင်ကျောက်များရောင်းချရာတွင် တစ်တန်လျင် ငွေကျပ် ၁၈ သိန်း၀န်းကျင်ပေါက်စျေးရှိသဖြင့် ပြည်တွင်း ကျောက်ဆစ်လုပ်ငန်းများက မ၀ယ်နိုင်ဘဲ ဒေသခံများထံမှ စကျင်ကျောက်ကိုသာ ၀ယ်ယူ၍ အချောထည်များ ထုဆစ်ပြုလုပ်ကြကြောင်း သိရသည်။

“ဒေသခံလုပ်ကွက်တွေမှာက အညံ့ကျောက်တွေပဲ ထွက်တယ်၊ ကုမ္ပဏီကျောက်က စျေးကြီးတော့ မန္တလေးကျောက် ဆစ် သမားတွေက ဒေသခံ ကျောက်ထုတ်လုပ်သူတွေဆီကပဲ အများဆုံး၀ယ်တယ်၊ ကုမ္ပဏီ လေလံကျောက်တွေကလည်း စျေး မကိုက်ဘူး၊ ဒေသခံလုပ်ကွက်နည်းတော့ ကုန်ကြမ်းရှားသလို ကျောက်ကောင်းမရှိဘူး၊ ပန်းတမော့နယ်မြေမှာ ပန်းတမော့ သမားတွေအတွက် စကျင်ကျောက် ပထမတန်းစားကို အသုံးပြုခွင့်မရတာ ကြာပါပြီ” ဟု စကျင်ဒေသခံ ကျောက်ဆစ် လုပ်ငန်းရှင် ဦးစိုး၀င်းက ပြောသည်။

စကျင်ကျောက်ဆိုရာတွင် နှစ်ပေါင်း သန်း၆၀ကျော် သက်တမ်းကြာမြင့်မှသာ စကျင်ကျောက်အမျိုးအစားဖြစ်လာပြီး စကျင် ကျေးရွာ၏ အဓိက အသက်မွေးကျောင်းမှုလုပ်ငန်းမှာ  ပန်းတမော့ကျောက်ဆစ်လုပ်ငန်းဖြစ်ပြီး ၄င်းကျေးရွာ အတွင်းရှိ စကျင်တောင်ကြီးများသည် ပင်မအသက်သွေးကြောဖြစ်သကဲ့သို့ ရွာအနီးပတ်ဝန်းကျင်ရှိ စကျင်တောင်ငယ်များသည် လည်း အဓိကကုန်ကြမ်း ထုတ်ပေးရာနေရာတစ်ခုလည်းဖြစ်သည်နှင့်အညီ စကျင်ဒေသမှ ကုန်ကြမ်းထုတ်လုပ်ပေးမှုအပြင် ကုန်ချောများကိုပါ ထုတ်လုပ်ပေးလျက်ရှိသည်။

“စကျင်ကျောက်ဆိုတာ ပေါများတဲ့သယံဇာတအမျိုးအစားမဟုတ်တော့ ကျောက်ထုတ်ယူနေမှုတွေကို အရင်ကထက် ပိုမို တင်းကျပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့လိုပါတယ်၊ သယံဇာတအရင်းအမြစ်ဆိုတာ အကန့်အသတ်ရှိတယ်၊ နောက် ထပ်ရနိုင်တာမျိုးမဟုတ်တော့ ထုတ်ယူသုံးစွဲတော့မယ်ဆိုရင် ဥပဒေတွေအပြင် မြေပြင်အခြေအနေနဲ့ ဒေသခံတွေရဲ့ ဆန္ဒတွေကိုလည်း ဦးစားပေးသင့်တယ်၊ ဒီလိုလုပ်မှသာ နောင်အနာဂတ်မျိုးဆက်အတွက် ကျန်သင့်ကျန်ထိုက်တဲ့ သယံဇာတတွေ ကျန်ရှိမယ်လို့ ပြောချင်ပါတယ်” ဟု စိမ်းရောင်စို/သဘာ၀စိမ်းအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။

မြန်မာရိုးရာပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းသည် အစိုးရသစ်လက်ထပ်တွင် ဈေးကွက်အရ ကျယ်ပြန့်လာသော်လည်း ကုန်ကြမ်းရရှိရန် အရင်းအနှီးကြီးလာခြင်း၊ အရည်အသွေးကောင်းသည့် ပထမတန်းစား စကျင်ကျောက် ရှားပါးလာခြင်းများနှင့်အတူ သဘာဝသယံဇာတအရင်းအမြစ်များ တဖြည်းဖြည်း ပြုန်းတီး ပျောက်ကွယ် လာနိုင်ခြင်းများကြောင့် မြန်မာရိုးရာလက်မှုပညာရပ် မိရိုးဖလာလုပ်ငန်းဖြစ်သည့် ပန်းတမော့ ကျောက်ဆစ် လုပ်ငန်းကိုပါ ထိခိုက်လာနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စကျင်တောင်ကြီးများနှင့် ပတ်သက်၍ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဟု စကျင်ဒေသခံများက ပြောသည်။

ယခုအခါ စကျင်ကျေးရွာတွင် အိမ်ခြေ နှစ်ထောင်ခန့်၊ လူဦးရေ ၇၀၀၀ ကျော်ရှိရာ ၈၀ရာခိုင်နှုန်းမှာ ကျောက်ဆစ် လုပ်ငန်းဖြင့် အသက်မွေးကြရာ ကုန်ကြမ်းနည်းပါးလာသဖြင့် တရုတ်ပြည်သို့ ထွက်ခွာလုပ်ကိုင်နေကြရကြောင်း သိရသည်။

စကျင်ကျောက်ထွက်ရှိသည့် တောင် ၉ လုံးမှ လက်ရှိတွင် ရွှေဆံတော်ရှင်တောင်ကို သာသနာနယ်မြေသတ်မှတ်ထားပြီး ကံမတောင်တွင် PP Marble ကုမ္ပဏီက ဧက ၁၃၀ ခန့်နှင့် ရသေ့ တောင်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEC ကုမ္ပဏီမှ ဧက၄၀ ခန့်၌ လုပ်ပိုင်ခွင့် သက်တမ်းကျန်နေသေးပြီး ကုမ္ပဏီများက စက်ယန္တရားများဖြင့် ထုတ်လုပ်နေကာ ဂဲတောင်နှင့် မြိုင်တောင် ဧက ၆၀ ကျော်တွင် ဒေသခံများက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြကြောင်းသိရသည်။

Leave a Reply