မြန်မာမှာ အကျဥ်းသားတွေလွတ်မြောက်မှု အာဆီယံအထူးသံတမန် အကောင်းမြင် လာမယ့်သီတင်းပတ်တွေအတွင်း အာဆီယံအထူးသံရဲ့ မြန်မာပြည်တတိယအကြိမ်ခရီးစဥ် ဖော်ဆောင်ဖို့ရှိ

Local News

မြန်မာမှာ အကျဥ်းသားတွေလွတ်မြောက်မှု အာဆီယံအထူးသံတမန် အကောင်းမြင်
လာမယ့်သီတင်းပတ်တွေအတွင်း အာဆီယံအထူးသံရဲ့ မြန်မာပြည်တတိယအကြိမ်ခရီးစဥ် ဖော်ဆောင်ဖို့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာမှာ အကျဥ်းသားတွေလွတ်မြောက်မှု အာဆီယံအထူးသံတမန် အကောင်းမြင် လာမယ့်သီတင်းပတ်တွေအတွင်း အာဆီယံအထူးသံရဲ့ မြန်မာပြည်တတိယအကြိမ်ခရီးစဥ် ဖော်ဆောင်ဖို့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဥ်းသားအမြောက်အမြားလွှတ်ပေးမှုအပေါ် မြန်မာ့အရေးအာဆီယံအထူးသံတမန် ပရက်ဆော့ခွန်းက ကြိုဆိုကြောင်း ထုတ်ပြန်လာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦး၊ NLD ပါတီ ဥပဒေအကြံပေးတရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်၊ နိုင်ငံခြားသားလေးဦးဖြစ်တဲ့ ဗစ်ကီဘိုးမန်း၊ ရှောင်တာနယ်၊ တိုရူကူဘိုတာနဲ့ ဦးကျော်ဌေးဦး အပါအဝင် အကျဥ်းသားအမြောက်အမြားလွတ်မြောက်လာမှုကို ကြိုဆိုကြောင်း နိုဝင်ဘာ ၁၇ ရက်စွဲနဲ့ ပရက်ဆော့ခွန်းရုံးက ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။


အခုလို အကျဥ်းသားအများအပြား လွှတ်ပေးမှုဟာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်စတင်ဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ လမ်းကြောင်းမှန်မှာရှိနေတဲ့ အရေးကြီးတဲ့ပြသမှုတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါဟာ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလက မှာ အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ ရရှိခဲ့တဲ့ အာဆီယံဘုံသဘာထားငါးရပ်နဲ့ ကိုက်ညီတဲ့ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလက္ခဏာတစ်ရပ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအထူးတမန်ရဲ့အစောပိုင်းစီစဥ်ထားတဲ့ တတိယအကြိမ်မြောက်ခရီးစဥ်ကိုလည်း လာမယ့်သတင်းပတ်တွေအတွင်းမှာ ဖော်ဆောင်မယ်လို့ ဆိုပါတယ်။
အာဆီယံဘုံသဘောထားငါးရပ်ထဲက ဦးစားပေးသုံးချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုတွေ လက်လှမ်းမီရရှိရေးနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ အချက်တွေမှာ ပိုမိုတိုးတက်ဖြစ်ထွန်းတဲ့အောင်မြင်မှုတွေရရှိမယ်လို့လည်းမျှော်လင့်တယ်လို့ ဆိုထားပါတယ်။
မနေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ အကျဥ်းသားအကျဥ်းသူ ၆၀၀၀ နီးပါးအနက် နိုင်ငံရေးမှုနဲ့ပတ်သက်သူ ၇၁၂ ဦးပါဝင်တယ်လို့ စာရင်းဇယားတွေက ဖော်ပြပေမဲ့ ဒီနေ့နိုဝင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းအထိ နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်းကတော့ နိုင်ငံရေးအကျဥ်းသား ၅၃ ဦးသာ ပြန်လည်လွတ်မြောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက တစ်စိုက်မတ်မတ်တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် စစ်အာဏာသိမ်းကတည်းကဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမဲ့ ဒီကနေ့အထိ NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ သတင်းစာဆရာတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။