ဆရာကြီးမင်းသိင်္ခ ရဲ့ သင်္ဘောသီးကြက်လျှာစိုက်မီးထွန်းရသောယတြာ

Astrology
ဆရာကြီးမင်းသိင်္ခ ရဲ့ သင်္ဘောသီးကြက်လျှာစိုက်မီးထွန်းရသောယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆရာကြီးမင်းသိင်္ခ ရဲ့ သင်္ဘောသီးကြက်လျှာစိုက်မီးထွန်းရသောယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆရာကြီးမင်းသိင်္ခ ရဲ့ သင်္ဘောသီးကြက်လျှာစိုက်မီးထွန်းရသောယတြာ

ကျွန်ုပ်သည် ဂန္ဓာရီထွက်နေစဉ်အတွင်း တောင်တွင်းကြီးမြို့တွင် တပည့်ဖြစ်သူ ဇင်ယော်နီ ဗေဒင်ဆိုင်ခန်းဖွင့်သဖြင့် ဆိုင်ဖွင့်ပွဲသို့ သွားရောက်ခဲ့လေသည် ။ ထိုဆိုင်ဖွင့်ပွဲကို လမ်းပေါ်မှရပ်၍ ကြည့် နေစဉ်အတွင်း ရုတ်တရက် လဲကျ၍မေ့သွားသဖြင့်ကျွနု်ပ်၏တပည့်များက နီးစပ်ရာ ဆရာ၀န်တစ်ဦး ကိုပြ၍ ဆေးထိုးစေခဲ့ပြီး ရန်ကုန်သို့ခေါ်လာခဲ့လေ၏။

ရန်ကုန်သို့ ရောက်သောအခါ ဒေါက်တာ ကျော်မြင့်၏ ဆေးခန်းတွင်ပြရလေ၏ ။ ၎င်းဒေါက်တာကျော်မြင့်သည် ကျွနု်ပ်အား စကင်ရိုက်ပြီးလျှင် စကင်ကို ဖတ်ကြည့်ရာ အဆုပ်ပေါက်သွားကြောင်း သိရလေ၏ ။ ထိုဒေါက်တာကြီးသည် ကျွနု်ပ်ကို သနားသဖြင့် အဖိုးအခမယူဘဲ အခမဲ့ ကုသပေးလေ၏ ။

ထိုအချိန်က ကျွန်ုပ်သည် ကျွဲပွဲဘူတာအနီး စည်ကြီးတင် ဆိုသောနေရာရှိ အလယ်ရိုးမအနီး တောစခန်းလေးတွင် တဲကြီးတစ်လုံးထိုး၍ နေစဉ် ဖြစ်၏။

တစ်ပတ်တစ်ခါ ရန်ကုန်သို့လာ၍ ဆရာ၀န် အား ပြရလေ၏ ။ ပြီးလျှင် ထိုစခန်းသို့ပြန်ရလေ၏ ။ ကျွနု်ပ်၏ ရောဂါမှာ မသက်သာလှပေ ။ အစဉ်သဖြင့် မော၍ နေလေ၏ ။ နောက်ဆုံးတွင် မည်သည့်အစာမျှမ၀င်သော အခြေအနေသို့ရောက်သွားလေတော့၏ ။ ရန်ကုန်တွင် နေထိုင်သော ကျွနု်ပ်၏ တပည့်များသည် တစ်ပတ်တစ်ခါ ကျွနု်ပ်ရှိရာ စည်ကြီးစင်စခန်းသို့ လာရောက်ကြလေ၏။

၎င်းတို့ ရောက်လာသောအခါ ကျွန်ုပ်၏ တပည့် ဆရာဖြိုးဟန်ကျော်က စျေး၀ယ်၍ အန်တီမော် ဆိုသော အဒေါ်ကြီးက ချက်ပြုတ်ကျွေးမွေးလေ့ရှိ ၏ ။ ကျွနု်ပ်၏ တပည့်များသည် ကျွနု်ပ်နေမကောင်းသဖြင့် လာ၍ကြည့်သည်နှင့်မတူဘဲ ပျော်ပွဲစားထွက်သကဲ့သို့ ရှိလေတော့၏ ။ တ၀တပြဲစား၍ အိပ်ကြ၏ ။ အိပ်ရာမှနိုးလာလျှင် လက်ဖက်ရည်တောင်းကြ၏ ။ ဆရာဖြိုးဟန်ကျော်ကလက်ဖက်ရည်ဖျော်၍ တိုက်ရပြန်၏။

ကျွန်ုပ်မှာမူ အစားမ၀င်တော့သဖြင့် အသား ဟူ၍မရှိတော့ဘဲ တစ်ကိုယ်လုံး အရိုးချည်းသာ ကျန်နေတော့၏ ။ ကျွန်ုပ်သည် မော၍ ထိုင်နေစဉ်အတွင်း တ၀တပြဲစား၍ အိပ်ပျော်နေကြသော တပည့်များကိုကြည့်ကာ”ဒီငတိတွေကတော့ စားနိုင်ကြတာ တ၀တပြဲစားပြီး အိပ်နေကြပြီ ။ ငါ့မှာတော့ အစာဆိုလို့ ဘာမှကို မ၀င်တော့ဘူး ။ ဒီအတိုင်းသာ ဆက်ပြီးသွား ရင် ငါတစ်လတောင် ခံပါတော့မလား ။ ငါသေရတော့မယ်”လုိ့တွေးရင်း မျက်ရည်များလည်း ကျလာလေ၏ ။

ထိုအချိန်၌ ကောင်းကင်မှ ယတြာကိုသတိရသဖြင့် မျက်နှာကို ကောင်းကင်ဘက်သို့မော့၍ မျက်စိကို မှိတ်ကာ အာရုံတောင်း၍ ကြည့်မိသောတစ်ခဏ၌ ကျွနု်ပ်၏ မျက်စိထဲတွင် သင်္ဘောသီးမှည့်ကြီးတစ်လုံးပေါ်၌ ရောင်စုံကြက်လျှာ ကိုးလက်စိုက်ထားသည်ကို တွေ့ရလေ၏ ။ ထိုကြက်လျှာများတွင်လည်း (အဆုပ် ရောဂါ ပျောက်ပါစေ)(ကျန်းမာပါစေ)(အစာကောင်းကောင်းစား နိုင်ပါစေ)ဆိုသော ဆုတောင်းများ ရေးထားသည်ကိုလည်း တွေ့ရ၏ ။

ထို့ပြင် ထိုသင်္ဘောသီးကြီး၏ အညှာတွင် ဖယောင်းတိုင်အဖြူ တစ်တိုင်ထွန်းထားသည်ကိုတွေ့ရလေ၏ ။ ထို့ကြောင့် ကျွနု်ပ်လည်း ဖြိုးဟန်ကျော်ကို အကျိုးအကြောင်းပြော၍ သင်္ဘောသီးနှင့် ကြက်လျှာ လုပ်ခိုင်းလေ၏ ။

ဖြိုးဟန်ကျော်သည် စျေးသို့ကားဖြင့်ထွက်သွားကာ သင်္ဘောသီးကြီးကြီး တစ်လုံးနှင့် ကြက်လျှာ ပြုလုပ်ရန်အတွက် ရောင်စုံစက္ကူများ ၀ယ်လာလေ၏ ။ ကြက်လျှာများ လုပ်ပြီးသောအခါ ဆုတောင်းစာများရေး၍ သင်္ဘောသီးတွင် စိုက်လိုက်ပြီး အညှာနေရာ ၌ဖယောင်းတိုင် အဖြူတစ်တိုင်ထွန်းကာ ခေါင်းရင်းဘက်တွင် ထိုသင်္ဘောသီးကို ထားလိုက်လေ၏ ။

သင်္ဘောသီးပေါ်တွင် ထွန်းထားသော ဖယောင်းတိုင် လေးပုံတစ်ပုံခန့် ကုန်သွားသောအခါ၌ ကျွန်ုပ်သည် မခံမရပ်နိုင်အောင် ဆာလာလေတော့၏ ။ ထို့ကြောင့် ကျွနု်ပ်က. “ဖြိုးဟန်ကျော်ရေ  ငါတော့ ဆာလာတယ်ကွာ ။ ထမင်းရှာစမ်းပါဦး”ဟုပြောရာ ဖြိုးဟန်ကျော်က ထမင်းကတော့ အိုးထဲမှာ တစ်ခြမ်းကြီး ရှိပါသေးတယ် ။ ဆိတ်သားကတော့ ဟိုငတိတွေစားလို့ ကုန်ပြီဟု ပြောလေ၏ ။

ထိုအခါ ကျွနု်ပ်က .”ဆိတ်သားဟင်း မရှိလည်းရပါတယ်ကွာ ၊ မရှိရှိတာနဲ့ စားတာပေါ့”ဟုပြောလိုက်ရာ ဖြိုးဟန် ကျော်လည်း ထမင်းကို ဇလုံတစ်ခုနှင့် ခူးလိုက်လေ၏။ ဖြိုးဟန်ကျော် ခူးသောထမင်းမှာ အတော်များ၏ ။ ထို့နောက် ဖြိုးဟန်ကျော်သည် ထမင်းဇလုံပေါ်သို့ ချဉ်ပေါင်ရည်ကြဲ ဟင်းလောင်းချပေးပြီးလျှင် ငရုတ်သီးမှုန့်များ ဖြူးလေတော့၏ ။

ကျွနု်ပ်လည်း ဆာဆာနှင့် မြိန်ရည်ရှက်ရည် စားလေတော့၏ ။ ကျွနု်ပ် စားနေစဉ်အတွင်းမှာပင် အိပ်နေသော တပည့်များနိုးလာပြီး ကျွနု်ပ်၏ ထမင်း ဇလုံကို ကြည့်ကာ
“ဒီအဘိုးကြီးက ဘာမှမစားနိုင်ဘူးကွ ။ စားသမျှ အန်ထုတ်နေတာ ။ အခုစားနေတာကိုကြည့်ဦး ။ လူစားတာနဲ့မတူဘူး ။ ဖုတ်စားတာနဲ့ တူနေတယ် ။ မဟုတ်မှလွဲရော အဘိုးကြီးတော့ ဖုတ်၀င်နေပြီနဲ့ တူတယ်”ဟုပြောကာ ဖုတ်ကို ဟိုလူထုတ်မယ် ဒီလူထုတ်မယ်ဟု ပြောကြလေ၏ ။

ကျွနု်ပ်လည်း စားပြီးသောအခါ ရေသောက် ပြီးလျှင်
“ဘယ်ကလာ ဖုတ်ကမှာလဲကွ ။ ငါကိုယ်တိုင် စားနေတာပါ”

ထိုအချိန်မှစ၍ ကျွန်ုပ်လည်းအစားပြန်၍ ၀င် လာပြီးလျှင် ပကတိ ကျန်းမာလာလေတော့၏ ။ အသားအရည်လည်း ပြန်လည်ပြည့်ဖြိုးလာလေ၏။

ထိုအချိန်မှစ၍ သင်္ဘောသီးကြက်လျှာပေါ် တွင် မီးထွန်းသော ယတြာသည် ကျွနု်ပ်တို့အဖွဲ့၏ ကိုယ်ပိုင်ယတြာ ဖြစ်သွားလေတော့၏ ။ အသည်းအသန်ဖြစ်နေတဲ့သူများကို ထိုယတြာပြုလုပ်ပေးလိုက်လျှင် ကောင်းသွားသည်ချည်းကို တွေ့ရလေတော့သတည်း။
#မှတ်ချက်။ ။ ကျွနု်ပ်သည် ထိုယတြာကို မကျန်းမာသူအား တရားခံလို စမ်းသပ်ပြီးဖြစ်ပါသည် ။ အလွန်ထိရောက်သော ယတြာဖြစ်ပါသည် ။ အရေးကြုံလာပါက သုံးနိုင်ရန်ရည်ရွယ်၍ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ။

ရေးသားသူ – မင်းသိင်္ခ
( ၁၉၃၉ – ၂၀၀၈ )

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။